အလွန်ပြင်းထန်မည့် အယ်လ်နီညိုကြောင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု အန္တရာယ် ၂၀၂၇ ခုနှစ်အထိ ဆိုးရွားနေမည်ဟု WMO ထုတ်ပြန်

အလွန်ပြင်းထန်မည့် အယ်လ်နီညိုကြောင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု အန္တရာယ် ၂၀၂၇ခုနှစ်အထိ ဆိုးရွားနေမည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) က ယနေ့(စက်တင်ဘာ ၃ရက်)တွင် ထုတ်ပြန်ထားသည်။
WMO ၏ ခန့်မှန်းချက်များအရ အယ်လ်နီညိုသည် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ဖြစ်ပေါ်နေမည့် ဖြစ်နိုင်ခြေမှာ ၁၀၀ ရာခိုင်နှုန်းနီးပါးရှိနေကြောင်း၊ ယင်းကဲ့သို့ ဖြစ်နိုင်ခြေ အလွန်မြင့်မားသည့် ခန့်မှန်းချက်ကို WMO ၏ El Niño/La Niña ဆိုင်ရာ ထုတ်ပြန်ချက်များတွင် ယခုအကြိမ်သည် အထူးထင်ရှားသည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။
အယ်လ်နီညို ပိုမိုအားကောင်းလာနိုင်ခြင်း၏ အဓိကအကြောင်းရင်းမှာ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်း ပုံမှန်ထက် အလွန်ပူနွေးနေသည့် အခြေအနေများကြောင့် ဖြစ်ပြီး အဆိုပါ ပင်လယ်ရေမျက်နှာပြင်အပူချိန်များသည် လာမည့်လများအတွင်း အယ်လ်နီညို ပိုမိုပြင်းထန်လာနိုင်ရန် အထောက်အကူပြုနေသည်ဟုဆိုသည်။
အယ်လ်နီညို၏ အဓိကဒေသဖြစ်သည့် အီကွေတာပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် ပင်လယ်ရေမျက်နှာပြင်အပူချိန်များသည် ပုံမှန်ထက် သိသိသာသာ မြင့်တက်နေကာ၊ Niño 3.4 အညွှန်းကိန်းအရ ၂၀၂၆ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ပုံမှန်ထက် ၁.၅ ဒီဂရီစင်တီဂရိတ်ခန့် ပိုမိုပူနွေးခဲ့ပြီး ဇူလိုင်လတွင် ၂ ဒီဂရီစင်တီဂရိတ်ခန့်အထိ မြင့်တက်ခဲ့သည်။
ဇူလိုင်လကုန်မှ ဩဂုတ်လလယ်အတွင်း Niño 3.4 အပူချိန်တန်ဖိုးများသည် ပုံမှန်ထက် ၂.၂ ဒီဂရီစင်တီဂရိတ်မှ ၂.၆ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့သည်။ ယင်းအခြေအနေသည် အယ်လ်နီညိုဖြစ်စဉ် ဆက်လက်အားကောင်းလာနေခြင်းကို ပြသသည့် အရေးကြီးသည့် လက္ခဏာတစ်ရပ်ဖြစ်သည်ဟု WMO က ထုတ်ပြန်ထားသည်။
ပင်လယ်ရေမျက်နှာပြင်အောက်ပိုင်းတွင်လည်း အပူချိန်များ သိသိသာသာ မြင့်တက်နေကြောင်း ယခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လအစပိုင်းတွင် အချို့ဒေသများ၌ ပင်လယ်ရေအောက်အပူချိန်သည် ပုံမှန်ထက် ၈ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်ခဲ့ကြောင်း WMO က ဖော်ပြထားသည်။
ပင်လယ်ရေမျက်နှာပြင်နှင့် ရေအောက်ပိုင်း အပူချိန်များ မြင့်တက်နေသည့် အခြေအနေများကြောင့် အယ်လ်နီညိုသည် ယခုနှစ်ကုန်ပိုင်းအတွင်း အလွန်ပြင်းထန်သည့် အဆင့်သို့ ရောက်ရှိနိုင်ပြီး ၎င်း၏ ရာသီဥတုဆိုင်ရာ သက်ရောက်မှုများသည် ၂၀၂၇ ခုနှစ်အထိ ဆက်လက်တည်ရှိနိုင်ကြောင်း WMO က ခန့်မှန်းထားသည်။
အလွန်ပြင်းထန်သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာ့ဒေသအများအပြားတွင် မိုးရွာသွန်းမှုပုံစံ၊ အပူချိန်နှင့် လေထုလည်ပတ်မှုများ သိသိသာသာ ပြောင်းလဲလာနိုင်သည့်အပြင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ၊ မိုးခေါင်မှုများနှင့် အပူချိန်လွန်ကဲမှုများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်လည်း မြင့်တက်လာနိုင်သည်။
သို့သော် အယ်လ်နီညို၏ ပြင်းထန်မှုအဆင့်တစ်ခုတည်းဖြင့် ဒေသတစ်ခုချင်းစီတွင် ဖြစ်ပေါ်မည့် ရာသီဥတုသက်ရောက်မှု၏ ပြင်းထန်မှုကို တိုက်ရိုက်သတ်မှတ်၍ မရကြောင်း WMO က သတိပေးထားသည်။ သက်ရောက်မှုများသည် ဒေသတည်နေရာ၊ ရာသီအလိုက် အခြေအနေများနှင့် အိန္ဒိယသမုဒ္ဒရာ၊ အတ္တလန္တိတ်သမုဒ္ဒရာတို့အတွင်း ဖြစ်ပေါ်နေသည့် အခြားရာသီဥတုဖြစ်စဉ်များအပေါ် မူတည်၍ ကွာခြားနိုင်သည်ဟုဆိုသည်။
၂၀၂၆ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ကာလအတွက် WMO ၏ ရာသီဥတုခန့်မှန်းချက်များတွင် ကမ္ဘာ့ကုန်းမြေဒေသ အများစု၌ ပုံမှန်ထက် အပူချိန်မြင့်မားနိုင်ခြေ ရှိနေကာ၊ တစ်ချိန်တည်းတွင် အယ်လ်နီညိုနှင့် ဆက်စပ်သည့် ပုံမှန်မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲမှုကိုလည်း ဒေသအများအပြားတွင် တွေ့ရနိုင်ကြောင်း ခန့်မှန်းထားသည်။
အိန္ဒိယသမုဒ္ဒရာတွင် Positive Indian Ocean Dipole (IOD) ဖြစ်စဉ်လည်း ဖွံ့ဖြိုးလာနိုင်ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာမှ နိုဝင်ဘာအထိ ရာသီအလိုက် ပျမ်းမျှတန်ဖိုးမှာ ၀.၉ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ကြောင်း WMO က ဆိုသည်။ ထို့အပြင် အပူပိုင်းအတ္တလန္တိတ်သမုဒ္ဒရာ၏ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင်လည်း ပင်လယ်ရေမျက်နှာပြင်အပူချိန်များ ပုံမှန်ထက် ပူနွေးနေမည်ဟု ခန့်မှန်းထားသည်။
WMO အထွေထွေအတွင်းရေးမှူး Celeste Saulo က လက်ရှိတွင် အယ်လ်နီညိုကြောင့် မိုးခေါင်မှုနှင့် ရေကြီးမှုများမှတစ်ဆင့် လူမှုအသိုင်းအဝိုင်းများနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်နေပြီး အယ်လ်နီညို ပိုမိုအားကောင်းလာပါက ထိုသက်ရောက်မှုများ ပိုမိုဆိုးရွားလာနိုင်ကြောင်း ပြောကြားထားသည်။
ထို့ကြောင့် ထူးခြားပြင်းထန်သည့် အယ်လ်နီညိုဖြစ်စဉ်အတွက် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုများ လိုအပ်ကြောင်း ၎င်းက ဆိုသည်။
အယ်လ်နီညိုသည် အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် ပင်လယ်ရေမျက်နှာပြင် ပူနွေးလာခြင်းနှင့် ဆက်စပ်သည့် သဘာဝရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ၂ နှစ်မှ ၇ နှစ်အတွင်း တစ်ကြိမ် ဖြစ်ပေါ်တတ်ကာ ၉ လမှ ၁၂ လခန့် ကြာမြင့်တတ်သည်။ အယ်လ်နီညိုသည် မတ်လမှ ဇွန်လအတွင်း စတင်ဖွံ့ဖြိုးလာလေ့ရှိပြီး နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း အားအကောင်းဆုံးအဆင့်သို့ ရောက်ရှိတတ်သည်။
အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာမှ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသည့် ဒေသများအထိ မိုးရွာသွန်းမှုပုံစံနှင့် ရာသီဥတုအခြေအနေများကို ပြောင်းလဲစေနိုင်သဖြင့် WMO နှင့် နိုင်ငံအသီးသီး၏ မိုးလေဝသနှင့် ဇလဗေဒဌာနများက ဖြစ်စဉ်အခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး ကြိုတင်သတိပေးရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေကြသည်။
WMO က အယ်လ်နီညိုသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဖြစ်စဉ်မဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်ပေါ်သည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ကြောင်းလည်း ရှင်းလင်းထားသည်။
သို့သော် လက်ရှိကဲ့သို့ အလွန်ပြင်းထန်သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုလွန်ကဲမှုအန္တရာယ်များ မြင့်တက်လာနိုင်သဖြင့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ရေအရင်းအမြစ်၊ စွမ်းအင်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကဏ္ဍများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း WMO က တိုက်တွန်းထားသည်။


Leave a Reply