ရန်ကုန်မြို့ မင်္ဂလာဈေးအနီးက အထူးသတိထားစရာ အတင်းအဓမ္မဆွဲခေါ်မှု ကိုယ်တွေ့ဖြစ်စဉ်

ရန်ကုန်မှာ သွားလာနေထိုင်ကြသူတွေ အထူးသတိထားနိုင်ဖို့အတွက် မနေ့က မင်္ဂလာဈေးအနီးမှာဖြစ်ပွားခဲ့တဲ့ ခြောက်ခြားဖွယ်ရာ ကိုယ်တွေ့ဖြစ်စဉ်တစ်ခုကို သတင်းအဖြစ် မျှဝေပေးလိုက်ပါတယ်။
ဖြစ်စဉ်အကျဉ်း မနေ့က မင်္ဂလာဈေးမီးပွိုင့်အနီးမှာ ပြည်သူတစ်ဦးဟာ အကြောင်းမဲ့သက်သက် အတင်းအဓမ္မ ဆွဲခေါ်ခံရမယ့်အန္တရာယ်ကနေ သီသီလေး လွတ်မြောက်လာခဲ့ပါတယ်။
ကာယကံရှင်ဟာ KSS ဒံပေါက်ဆိုင်ထဲကို ဝင်ပြေးခဲ့ပေမယ့် အရပ်ဝတ်နဲ့ လူနှစ်ယောက်က ဆိုင်ထဲအထိ လိုက်ဝင်လာပြီး “မင်း ငါတို့ကို မင်္ဂလာဈေးမီးပွိုင့် ဗန်ဘာဘက်ကနေ အသံကျယ်ကြီးနဲ့ ဆဲသွားတယ်မလား၊ ငါတို့နဲ့လိုက်ခဲ့” ဆိုပြီး အကြောင်းရှာကာ အတင်းအဓမ္မ လက်ကိုလှမ်းဆွဲ ခေါ်ဆောင်ခဲ့ပါတယ်။
ကာယကံရှင်က လူမှားနေကြောင်း၊ ဒံပေါက်စားချင်လို့ လာဝယ်တာဖြစ်ပြီး သူတို့ကိုလည်းမသိ၊ ဆဲလည်းမဆဲခဲ့ကြောင်း အကျိုးအကြောင်း ရှင်းပြခဲ့ပေမယ့် လုံးဝလက်မခံဘဲ “လိုက်ခဲ့ဆို လိုက်ခဲ့” ဆိုပြီး အတင်းဆွဲခေါ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ဆိုင်ဝန်ထမ်းက “ပြဿနာကို အပြင်မှာရှင်းကြဖို့” ပြောတဲ့အတွက် အဆိုပါလူမိုက်တွေ အပြင်ထွက်သွားပေမယ့် ကာယကံရှင်ကတော့ အခြေအနေမဟန်တာကြောင့် ဆိုင်ထဲကနေ အပြင်ကို လုံးဝမထွက်ဘဲ တောင့်ခံနေခဲ့ပါတယ်။
နောက်ထပ် လူတစ်ယောက်ပါ ထပ်ရောက်လာပြီး အပြင်ထွက်ဖို့ ထပ်မံဖိအားပေးခဲ့ပါတယ်။
ဆိုင်ဝန်ထမ်းကလည်း အပြင်ထွက်ရှင်းဖို့ ထပ်ပြောတဲ့အတွက် ကာယကံရှင်က “အစ်ကိုရေ အကူအညီပေးပါ၊ ကျွန်တော် အခုချိန်ထွက်လို့ မဖြစ်သေးလို့ပါ” လို့ အကူအညီတောင်းပေမယ့် မရခဲ့ပါဘူး။
အပြင်ထွက်ဖို့သာ ဆက်တိုက်ဖိအားပေးခံရချိန်မှာ ကာယကံရှင်က “လုံးဝမထွက်နိုင်ဘူး၊ တိုင်ချင်ရာတိုင်” လို့ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပြီး ဆိုင်မန်နေဂျာကို သွားခေါ်ခိုင်းခဲ့ပါတယ်။
အဲဒီအချိန်မှာ ကာယကံရှင်က ဖုန်းထုတ်ပြီး အိမ်ကို ချက်ချင်း ဖုန်းလှမ်းဆက်လိုက်မှသာ အဆိုပါ အရပ်ဝတ်နှစ်ဦးထဲက တစ်ယောက်က “လာ သွားမယ်” ဆိုပြီး လစ်ထွက်သွားကြပါတယ်။

ဆိုင်မန်နေဂျာ ထွက်လာချိန်မှာတော့ အဲဒီလူတွေ မရှိတော့ပါဘူး။ နောက်ဆုံးမှာ အိမ်ကလူကြီးတွေနဲ့ အနီးနားက လူကြီးတွေ ရောက်လာမှသာ ကာယကံရှင်လည်း အိမ်ကို ဘေးကင်းစွာ ပြန်နိုင်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ကို ကြည့်ရင် ရန်ကုန်မြို့ရဲ့ လုံခြုံရေး အခြေအနေဟာ လုံးဝ စိတ်ချရမှုမရှိတော့ဘူးဆိုတာ ထင်ရှားပါတယ်။
ကာယကံရှင်ဟာ လူကြီးဖြစ်ပြီး သတိရှိရှိနဲ့ ဆိုင်ထဲကနေ အပြင်ကို လုံးဝမထွက်ဘဲ အိမ်ကို ဖုန်းဆကဆက်နိုင်ခဲ့လို့သာ သီသီလေး လွတ်မြောက်လာတာဖြစ်ပါတယ်။
အတွေ့အကြုံမရှိတဲ့ ကလေးတွေ၊ လူငယ်တွေသာဆိုရင် ခြိမ်းခြောက်ခေါ်ဆောင်ရာကို ကြောက်လန့်ပြီး ပါသွားနိုင်ကာ မတွေးဝံ့စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ သွားရင်းလာရင်း အခုလို အကြောင်းမဲ့ ရန်ရှာတာ၊ အတင်းဆွဲခေါ်တာမျိုး ကြုံလာရင်-
ခြိမ်းခြောက်တိုင်း အပြင်ကို လုံးဝ (လုံးဝ) မထွက်ပါနဲ့။ အတင်းမလိုက်သွားပါနဲ့။
လူစည်ကားတဲ့နေရာ၊ ဆိုင်တွေထဲမှာပဲ လုံခြုံအောင်နေပါ။
မိသားစု သို့မဟုတ် နီးစပ်ရာကို ချက်ချင်း ဖုန်းဆက် အကူအညီတောင်းပါ။
အခုလို ခက်ခဲကျပ်တည်းနေတဲ့ ကာလမှာ ကိုယ့်လုံခြုံရေးကို ကိုယ်တိုင် အထူးဂရုစိုက်ကြဖို့ ဒီဖြစ်စဉ်လေးကို သတိပေး မျှဝေလိုက်ရပါတယ်။


Leave a Reply