သိန်း ၃၀၀ နီးပါး အကြွေးတင်နေသူကို ဝက်သားပေးရောင်းကာ ကူညီခဲ့သော်လည်း အသက်အန္တရာယ်ပြုခံခဲ့ရသည့် ထောက်ကြန့်မှ ဝက်သားဒိုင်ပိုင်ရှင်

လောကမှာ စေတနာကို ဝေဒနာနဲ့ တုံ့ပြန်တတ်ကြတဲ့ အဖြစ်ဆိုးတွေရှိပါတယ်။ အဲဒီလို ရင်ကွဲပက်လက်ဖြစ်စရာ အဖြစ်အပျက်တစ်ခုကတော့ ထောက်ကြန့်မြို့၊ စံပြရပ်ကွက်မှာ ဖြစ်ပွားခဲ့ပါတယ်။
သီရိလမ်းမှာ နေထိုင်တဲ့ အသက် ၅၃ နှစ်အရွယ် ဝက်သားဒိုင်ပိုင်ရှင် ဒေါ်သန်းမာ (ခေါ်) ဒေါ်မေသူဟာ သူမဆီကနေ ငွေကျပ်သိန်း ၃၀၀ နီးပါး အကြွေးယူထားသူကို သနားညှာတာစွာ ကူညီပေးခဲ့ပေမယ့် အကြွေးပြန်တောင်းမိတဲ့အတွက် အသက်ဆုံးရှုံးရတဲ့အထိ ရက်ရက်စက်စက် တိုက်ခိုက်ခံခဲ့ရပါတယ်။

ဖြစ်စဉ်အစကတော့ ဒေါ်မေသူဟာ ထောက်ကြန့်မြို့ ရွာမရပ်ကွက်က အသက် ၃၄ နှစ်အရွယ် ဒေါ်မေလင်း (ခေါ်) အသေးလေး ဆိုသူကို အကြွေးတွေ ပြန်ဆပ်နိုင်ဖို့အတွက် သူမရဲ့ ဝက်သားဒိုင်ကနေ ဝက်သားတွေ အရင်းမလိုဘဲ ယူရောင်းခွင့်ပေးခဲ့တာပါ။
ယူရောင်းပြီး ရလာတဲ့ငွေနဲ့ အကြွေးကို တဖြည်းဖြည်း ပြန်ဆပ်ဖို့ နားလည်မှုနဲ့ ကူညီပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ်မေလင်းဟာ ကတိအတိုင်း နေ့စဉ်သာ ယူရောင်းခဲ့ပြီး အရင်းရော၊ အကြွေးပါ တစ်ပြားတစ်ချပ်မှ လာရောက်ပေးဆပ်ခြင်း မရှိခဲ့ပါဘူး။
ဒီအတွက်ကြောင့် ဒေါ်မေသူက ဝက်သား ဆက်မပေးတော့သလို၊ ဒီသတင်းကြောင့် အခြားဒိုင်တွေကလည်း ဒေါ်မေလင်းကို အကြွေးနဲ့ ဝက်သား မပေးရဲကြတော့ပါဘူး။

ဒီလို ဘယ်သူမှ စျေးတင်ရောင်းဖို့ မပေးကြတော့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စက်တင်ဘာလ ၁ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ်လောက်မှာ ထောက်ကြန့် ရတနာသီရိ စျေးသစ်အပေါက်ဝမှာ နှစ်ဦးသား စကားများ အချင်းများခဲ့ကြပါတယ်။
ဒေါ်မေသူက အကြွေးတွေသာ ပြန်ဆပ်ဖို့ တောင်းဆိုခဲ့ရာကနေ အကြီးအကျယ် လုံးထွေးသတ်ပုတ်ကြပြီး၊ ဒေါ်မေလင်းက အသင့်ပါလာတဲ့ ချွန်ထက်သော အရာနဲ့ ကျေးဇူးရှင် ဒေါ်မေသူကို အချက်ပေါင်းများစွာ တိုက်ခိုက်ကာ ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

ဒေါ်မေသူဟာ စျေးထဲမှာ လုပ်ငန်းတူတွေအပေါ် အမြဲကူညီတတ်ပြီး စိတ်ရင်းစေတနာကောင်းသူ တစ်ဦးအဖြစ် နာမည်ကြီးပါတယ်။
အခုလို ကိုယ်တိုင် နှစ်ရှည်လများ ကူညီစောင်မပေးခဲ့သူကပဲ ကျေးဇူးကန်းပြီး အသက်အန္တရာယ်ပြုသွားတဲ့အပေါ် စျေးသူစျေးသားတွေနဲ့ မိတ်ဆွေတွေအားလုံးက များစွာ စိတ်မကောင်းဖြစ်နေကြပါတယ်။
ကွယ်လွန်သူ ဒေါ်မေသူရဲ့ နောက်ဆုံးခရီး နာရေးကိစ္စကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။



Leave a Reply