ထိုင်းတွင် အလုပ်လုပ်ခွင့်မရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ ခန့်ထားပါက အရေးယူခံရမည်

အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိသည့် ရွှေ့ပြောင်းအလုပ်သမားများကို ခန့်ထားခြင်း သို့မဟုတ် တရားဝင်ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ်ပြင်ပတွင် အလုပ်လုပ်စေခြင်း မပြုရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများကို သတိပေးထားသည်။
အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Patdarasm Thongsaluaykorn က အာဏာပိုင်များသည် စစ်ဆေးမှုများ ပိုမိုတင်းကျပ်စွာ ဆောင်ရွက်နေပြီး ၂၀၁၇ ခုနှစ် နိုင်ငံခြားသားများ အလုပ်အကိုင်စီမံခန့်ခွဲမှုဥပဒေ (Foreigners’ Working Management Act) အရ တင်းကျပ်စွာ အရေးယူသွားမည်ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားသည့် အလုပ်အကိုင်များ ရှိပြီး နိုင်ငံခြားသားများအနေဖြင့် သက်ဆိုင်ရာစည်းမျဉ်းများအရ အထူးခွင့်ပြုချက်မရှိပါက ယင်းအလုပ်များကို လုပ်ကိုင်ခွင့်မရှိကြောင်း သိရသည်။
ထိုအလုပ်အကိုင်များတွင် ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ ဆံပင်ညှပ်ခြင်းနှင့် အလှအပဝန်ဆောင်မှုလုပ်ငန်းများ၊ ယာဉ်မောင်းခြင်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ စာရေးစာချီနှင့် ဥပဒေရေးရာလုပ်ငန်းများအပြင် ရိုးရာနှင့် လက်မှုပညာဆိုင်ရာ အလုပ်အကိုင်အချို့ ပါဝင်သည်။
ယင်းကန့်သတ်ချက်များသည် ထိုင်းနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ကာကွယ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း အစိုးရက ဆိုသည်။
အလုပ်လုပ်ခွင့်မရှိသည့် ရွှေ့ပြောင်းအလုပ်သမားများကို ခန့်ထားခြင်း သို့မဟုတ် ခွင့်ပြုထားသည့် အလုပ်အကိုင်ပြင်ပတွင် အလုပ်လုပ်စေသည့် အလုပ်ရှင်များသည် အလုပ်သမားတဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ငွေ ချမှတ်ခံရနိုင်သည်။
ထပ်မံကျူးလွန်ပါက ထောင်ဒဏ် တနှစ်အထိ ချမှတ်ခံရနိုင်သည့်အပြင် အလုပ်သမားတဦးလျှင် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရနိုင်သည်။ ထို့အပြင် နိုင်ငံခြားသားအလုပ်သမားများကို သုံးနှစ်ကြာ ထပ်မံခန့်ထားခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။
အလုပ်လုပ်ခွင့်စည်းမျဉ်းများ ချိုးဖောက်သည့် ရွှေ့ပြောင်းအလုပ်သမားများကိုလည်း ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ငွေချမှတ်နိုင်ပြီးနောက် နိုင်ငံမှ ပြန်လည်နှင်ထုတ်ခြင်းနှင့် အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားခွင့် နှစ်နှစ် ပိတ်ပင်ခြင်းတို့ ခံရနိုင်သည်။
ယင်းအစီအမံများသည် တရားဝင်ပြီး မျှတသည့် အလုပ်အကိုင်စနစ် ဖော်ဆောင်ရန်၊ လူကုန်ကူးမှုများကို တားဆီးရန်နှင့် ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားသည့် အလုပ်အကိုင်များကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရက ပြောသည်။
၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတဝန်း ရွှေ့ပြောင်းအလုပ်သမားများ ခန့်ထားသည့် လုပ်ငန်းဌာနပေါင်း ၇၄,၀၀၀ ကျော်ကို အာဏာပိုင်များက စစ်ဆေးခဲ့ပြီး ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားသည့် အလုပ်အကိုင်များတွင် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမား ၁,၇၀၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။



Leave a Reply