ဖယ်ခုံ ရှမ်းကျောင်းဆရာတော်နှင့်ကပ္ပိယကို ပစ်ခတ်မှု ပျားစစ်ကြောင်းဝန်ခံ

ရှမ်းပြည််နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်၊ ရှမ်းကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့်ကပ္ပိယဖြစ်သူသည် စစ်ကောင်စီထောက်ခံသူများဖြစ်၍ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းနှင့် ကျူးလွန်သည့် ရဲ‌ဘော်အား အရေးယူသွားမည်ဟု ပျားစစ်ကြောင်း၏ ဝန်ခံချက်ကို ဖယ်ခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ PK-Police က ယနေ့(မတ်လ ၉ ရက်)ထုတ်ပြန်သည်။

ရှမ်းကျောင်း၊ ကျောင်းထိုင်ဆရာတော် သက်တော်၄၈နှစ်အရွယ်ဦးဓမ္မသာရနှင့် ၄၀နှစ်အရွယ် ကပ္ပိယစိုင်းဘီး(ခ) အိုက်ပီးသည် ပြီးခဲ့သည့် မတ်လ ၄ ရက် ညနေပိုင်းတွင် ဖယ်ခုံမြို့၊ အုံးတိုင်းကျေးရွာ ဘုန်းကြီးကျောင်းတွင်သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။ ဆရာတော်ပျံလွန်တော်မူကာ စိုင်းဘီးလည်း သေဆုံးခဲ့သည်။

PK-Police၏ ထုတ်ပြန်ချက်တွင် ဦးဓမ္မသာရ (ခေါ်) ဦးဇင်းပိန် သည် စစ်ကောင်စီကို သတင်းပေးပို့မှုများ ပြုလုပ်နေပြီး စစ်ဘေးရှောင်များအား ဖယ်ခုံမြို့သို့ ပြန်နေရန် လိုက်လံစည်းရုံးနေကြောင်း၊ ဖုန်းကို စစ်ဆေးရာတွင်လည်း စစ်ကောင်စီထောက်တိုင်များနှင့် ပြောဆိုမှုမှတ်တမ်းများစွာရှိနေကြောင်း ပျားစစ်ကြောင်း၏ ဝန်ခံချက်ကို ဖော်ပြထားသည်။ ကျောင်းပေါ်၌ စစ်ဆေးပြီး လိုက်ခဲ့ရန် ခေါ်ဆောင်စဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပျားစစ်ကြောင်းမှ ရဲဘော် မောင်ဘလတ် (၂၉ နှစ်) သည် စိတ်မထိန်းနိုင်ဘဲ ဆရာတော်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကပ္ပိယဖြစ်သူ စိုင်းဘီး(ခ)အိုက်ပီးကိုလည်း “ငါဒီဘက်မှာမရှိရင်တောင် ငါ့လူတွေရှိတယ်။ ငါခိုင်းဖို့ငါ့လူတွေအများကြီးရှိတယ်။ အိုက်ပီးလည်းပါတယ်” ဟု ဆရာတော်က ပြောသဖြင့်ထိုရဲဘော်ကပင် ထပ်မံရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“ စစ်ကြောင်းအနေနဲ့ သူတို့ဖြေရှင်းလာတဲ့ချိန်ကျတော့ စစ်ကြောင်းအနေနဲ့ ပလန်စွဲထားတယ်။ ပြီးတော့ ရဲဘော်တွေစေလွှတ်လိုက်တယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်မိသွားတယ်ပေါ့နော်။ အဲ့ဒီရဲဘော်ကလည်း သူပဲပစ်မိပါတယ်ဆိုပြီး ဝန်ခံပါတယ်။ သူ့ကိုသက်ဆိုင်ရာ အဖွဲ့တွေက ထိန်းသိမ်းထားပါတယ်။ ဘယ်အဖွဲ့က ထိန်းသိမ်းထားလဲဆိုတာကိုတော့ ပြောလို့မရပါဘူး” ဟု PK-Police မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆရာတော် ဦးဓမ္မသာရသည် စစ်ကောင်စီထောက်တိုင်ဖြစ်ကြောင်း ပျားစစ်ကြောင်းကပြောသော်လည်း ဆရာတော်သည် စစ်ဘေးရှောင်နှင့် တော်လှန်ရေးအင်အားစုများကို ပံ့ပိုးကူညီနေသူဖြစ်ပြီး စစ်ကောင်စီထောက်တိုင် မဖြစ်နိုင်ကြောင်း ရှမ်းကျောင်းနှင့် နီးစပ်သူအချို့က ပြောသည်။

“ကျောင်းပေါ်ထိ တက်ပြီးတော့ ဆရာတော်ကို ပစ်သတ်သွားပြီးတော့မှ ဖုန်းနဲ့ဘဏ်စာအုပ်ကိုသိမ်းသွားတယ်။ ပြီးတော့မှ စစ်ကောင်စီနဲ့ ပတ်သက်နေပါတယ်ဆိုပြီး အယူဆမျိုးတွေကို ထုတ်ပြန်တာက ဆရာတော်ကို နှစ်ခါပြန်သတ်တယ်လို့ ယူဆတယ်”​ဟု သျှမ်းကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အမှုအား စုံစမ်းဖော်ထုတ်ပြီး တရားမျှတမှုဖော်ဆောင်ပေးရန် သျှမ်းကျောင်းသားသမဂ္ဂအဖွဲ့က တောင်းဆိုထားသည်။

ရဲဘော်မောင်ဘလတ်သည် ထိခိုက်လိုသည့် ရည်ရွယ်ချက်မရှိဘဲ စိတ်လိုက်မာန်ပါပြုမူခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အပြုအမူအရ ရဉ်ရွယ်ချက်မရှိသော်လည်း နားလည်ခွင့်လွှတ်၍မရသဖြင့် ပျားစစ်ကြောင်းအနေဖြင့် တပ်တွင်းစုံစမ်းစစ်ဆေးအဖွဲ့ဖွဲ့ကာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

ဆရာတော်ပစ်ခတ်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမျှတမှုနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီအပါအဝင် နယ်မြေခံ တော်လှန်ရေးတပ်ပေါင်းစုံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။အမှုမှန်ပေါ်ပေါက်ရေးအတွက် IEC အနေဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း Progressive Karenni People Force (PKPF) မှ ယနေ့ ထုတ်ပြန်တောင်းဆိုထားသည်။

ပျားစစ်ကြောင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ ဖယ်ခုံ မြို့နယ်တို့တွင် လှုပ်ရှားနေသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

ပုံအညွှန်း- ဖယ်ခုံမြို့နယ်၊ အုံတိုင်းဘုန်းကြီးကျောင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ဦးဓမ္မသာရ နှင့် ကပ္ပိယဖြစ်သူ စိုင်းဘီး နှင့် ၂၀၂၄ ဇွန်လအတွင်း ညောင်ရွှေ ရေပူကျေးရွာရှေ့တွင် တွေ့ရသည့် ပျားစစ်ကြောင်း တပ်ဖွဲ့ဝင်အချို့။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *