အောင်ဇမ္ဗူ ကျောင်းတိုက်အမည်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ဦးတို့က ခန္ဓာကိုယ် ခုနှစ် အသားပေး ကကွက်များဖြင့် မြတ်စွာဘုရားနှင့် ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကို နောက်ခံထားကာ ကပြသီဆိုနေခဲ့သည့်ဖြစ်စဉ်

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ အောင်ဇမ္ဗူကျောင်းတိုက်လို့ ဖော်ပြထားတဲ့ နေရာတစ်ခုအတွင်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးက ကပြသီဆိုနေတဲ့ မြင်ကွင်းတွေ ပါဝင်လာပါတယ်။
ဗီဒီယိုထဲမှာ အဆိုပါသူတွေဟာ မြတ်စွာဘုရားပုံနဲ့ ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကို နောက်ခံထားကာ ခန္ဓာကိုယ်အသားပေးတဲ့ ကကွက်ပုံစံတွေနဲ့ ကပြသီဆိုနေကြတာ တွေ့ရပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်မှာတော့ နေရာအမည်ကို **“အောင်ဇမ္ဗူကျောင်းတိုက်”**လို့သာ ဖော်ပြထားပြီး အဆိုပါကျောင်းတိုက်ဟာ ဘယ်မြို့နယ်၊ ဘယ်ဒေသမှာ တည်ရှိတယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် ဗီဒီယိုကို ဘယ်အချိန်က ရိုက်ကူးခဲ့တာလဲ၊ ဘာရည်ရွယ်ချက်နဲ့ အခုလို ကပြသီဆိုခဲ့ကြတာလဲဆိုတာကိုလည်း သီးခြားအတည်ပြုနိုင်တဲ့ အချက်အလက် မရရှိသေးပါဘူး။
သို့သော် ဗီဒီယိုပါ အကြောင်းအရာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူအချို့က ဘာသာရေးဆိုင်ရာနေရာ၊ သင်္ကေတနဲ့ အကြောင်းအရာတွေကို အသုံးပြုတဲ့အခါ သင့်လျော်မှုရှိ၊ မရှိ သတိထားသင့်ကြောင်း ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာတွေကို ဖျော်ဖြေရေးအတွက် အသုံးပြုမယ်ဆိုရင်လည်း ဘာသာရေးကို ကိုးကွယ်ယုံကြည်သူတွေရဲ့ ခံစားချက်နဲ့ သက်ဆိုင်တဲ့အတွက် မလျော်ကန်တဲ့ အပြုအမူတွေ မဖြစ်အောင် ပိုမိုသတိထားဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် ဘုရားပုံတော်၊ ဘာသာရေးဆိုင်ရာ သင်္ကေတတွေ၊ သာသနာရေးနဲ့ ဆက်နွှယ်တဲ့ နေရာတွေကို အသုံးပြုတဲ့အခါ ရည်ရွယ်ချက်ကောင်းရှိသည်ဖြစ်စေ၊ ဖျော်ဖြေရေးအတွက်ဖြစ်စေ ဘာသာရေးအပေါ် မထီမဲ့မြင်ဖြစ်စေနိုင်တဲ့ ပုံစံမျိုး မဖြစ်အောင် တာဝန်ယူဆောင်ရွက်သင့်တယ်လို့ အများပြည်သူဘက်က ပြောဆိုနေကြပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်း လူမှုကွန်ရက်အသုံးပြုသူအချို့က ဗီဒီယိုထဲမှာ ပါဝင်သူတွေနဲ့ ဖြစ်စဉ်အမှန်ကို စိစစ်ဖော်ထုတ်ပြီး သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းတွေနဲ့အညီ လိုအပ်သလို အရေးယူပေးသင့်တယ်လို့ တောင်းဆိုနေကြပါတယ်။

လက်ရှိမှာတော့ အဆိုပါဗီဒီယိုရဲ့ မူရင်းရင်းမြစ်၊ ရိုက်ကူးခဲ့တဲ့ နေရာအတိအကျနဲ့ ပါဝင်သူတွေရဲ့ အချက်အလက်တွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးတဲ့အတွက် သတင်းအချက်အလက် ထပ်မံ ရရှိပါက ဆက်လက်ဖော်ပါပေးပါမည်။
ဇာတ် ထောင်သင့်တယ်
ဘုန်းကြီးကျောင်းတွေမှာ ပူဇော်ပွဲတွေ ဂုဏ်ပြုပွဲတွေ ဘုရားပွဲဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ပျော်ပွဲရွှင်ပွဲတွေအတွက် အနုပညာရှင်တွေ အဆိုတော်တွေကိုငှားပြီး ကကြ ဆိုကြတဲ့ အစဉ်အလာဟာ မြန်မာတပြည်လုံးလုပ်နေကြတယ်။
အဲဒီပွဲတွေအတွက် လူတွေဆီကအလှူခံကြတယ် ဘုန်းကြီးတွေကိုလည်း လှူကြလို့ ဘုန်းကြီးတွေက ပိုက်ဆံအကုန်ခံပြီး ငှားကြတယ်၊ ပျော်ပွဲရွှင်ပွဲတွေကိုလည်း ဘုရားဆင်းတုတော်တွေ စေတီတွေအရှေ့မှာ ဆိုကြ ကကြ နဲ့ တွေ့နေရတယ်၊
ရိုးရိုးဆိုယုံတင်မဟုတ်ဘူး ဖင်ပေါ် ရင်ပေါ် နဲ့ ရာဂစိတ်တွေနိုးကြွစေတဲ့ အဝတ်အစားတွေဝတ်ပြီးဆိုကြ ကကြတာ အများကြီး တွေ့နေရတယ်။
လူတွေသဒ္ဓါတရားနဲ့လှူတဲ့ ငွေတွေကို အဲဒီလို ကိစ္စတွေအတွက်နဲ့ အကုန်အကျခံနေကြတာ ဖြစ်သင့်ပါရဲ့လားလို့ စဉ်းစားကြဖို့လိုပြီ၊ ဘုရားရှေ့မှာလည်း မတော်တရော်တွေဝတ် ခုန်ပေါက်နေကြတာဟာ ဘုရားရှင်ကိုရော အားမနာကြတော့ဘူးလားလို့ မေးစရာလိုပြီ။
စီစဉ်တဲ့ဆရာတော်တွေရော သရုပ်ပျက်အနုပညာရှင်တွေရော စဉ်းစားဖို့ကောင်းပြီ၊ ဒါဟာ ဗုဒ္ဓဘာသာအတွက် အင်မတန်မှ ဆုတ်ယုတ်စေတဲ့အကြောင်းတရားပဲ။
ပူဇော်ပွဲတွေ ဂုဏ်ပြုပွဲတွေ လုပ်တဲ့အခါ တရားပွဲကျင်းပပြီး လူတွေကို ကုသိုလ်ဖြစ်စေတာမျိုးပဲ ဖြစ်သင့်တယ်၊
လူတွေရဲ့ သဒ္ဓါတရားနဲ့ လှူထားတဲ့ငွေတွေကို အဲဒီလိုအကုန်ခံနေကြတဲ့ ကျောင်းထိုင်ဆရာတော်တွေကိုလည်း အံ့ဩမိတယ်၊ အနုပညာရှင်တွေကတော့ ငှားရင် လိုက်ဆိုမှာပဲ သူကတော့ သူ့စီးပွားရေးသူလုပ်နေတာ။
ကိုယ့်ဘာသာကို ကိုယ်တွေကမှ တန်ဖိုးမထားရင် တခြားပုဂ္ဂိုလ်တွေက တန်ဖိုးမဲ့အောင်လုပ်ကြတာ မဆန်းပါဘူး။
ခုနောက်ပိုင်း အဲလိုပွဲတွေဟာ အစဉ်အလာလိုဖြစ်နေပြီ၊
သာသနာရေးနဲ့ မဟန ဆရာတော်ကြီးများအနေနဲ့ ဥပဒေထုတ်ပြီး တာဆီးသင့်တယ်လို့လည်း သုံးသပ်မိတယ်။
သူများတွေ တိုက်ခိုက်တာ ထိုးနှက်တာလည်းမပြောနဲ့ ခုနောက်ပိုင်း အဲလိုပုဂ္ဂိုလ်တွေကမှအစ ကိုယ့်ဘာသာသိက္ခာ ကိုယ်ချနေကြတာ တော်တော်များများတွေ့နေရတယ်။
ဘုရားရှင်ကို အားနာလွန်းလို့ နည်းနည်းလေးတော့ ကိုယ့်သိက္ခာ ကိုယ်ထိမ်းကြစေချင်ပါတယ်။
အစဉ်အလာလို ဖြစ်နေတဲ့ ဒီကိစ္စကြီးဟာ ကြီးစွာသောမှားယွင်းမှူ့ကြီးပါပဲ။
အဲဒီလောက်ထိ ပျော်ပွဲရွှင်ပွဲတွေ မက်နေကြရင်လည်း သင်္ကန်းနဲ့မနေကြပဲ လူထွက်ပြီး ဇာတ်ထောင်ကြပါတော့လား။
ဦးမြင့်ခိုင်



Leave a Reply