ဧည့်ရိပ်သာမှာ တည်းခိုပြီး အကွက်ချကြံစည်ခဲ့ကာ မရမ်းကုန်းရှိ ဟော့ပေါ့ဆိုင်အတွင်း အတင်းဝင်ရောက်ကာ ဆိုင်ရှင်အား ဆန်ထိုးပိုက်ဖြင့် ထိုး၍ လုယက်ခဲ့သူ ၄ ဦး
ညဉ့်နက်ပိုင်း ဆိုင်သိမ်းနေချိန် ဆိုင်အတွင်းသို့ အနိဋ္ဌာရုံဆန်စွာ အတင်းအဓမ္မ ဝင်ရောက်စီးနင်းပြီး ဆိုင်ရှင်အမျိုးသမီးကို ရက်ရက်စက်စက် တိုက်ခိုက်လုယက်ခဲ့သည့် ထိတ်လန့်ဖွယ်ရာ ဖြစ်စဉ်တစ်ခု ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ Mr. Daddy Hot Pot & Grill ဆိုင်အတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အလောင်းဘုရားလမ်းရှိ “Mr. Daddy Hot Pot & Grill” ဟော့ပေါ့ဆိုင်အတွင်း၌ ဆိုင်ရှင်ဖြစ်သူ အသက် ၃၁ နှစ်အရွယ် ဒေါ်ဖြိုးဇာလတ်သည် ဆိုင်ဝန်ထမ်းများနှင့်အတူ ဆိုင်သိမ်းရန် ပြင်ဆင်နေချိန်ဖြစ်ပါတယ်။
ထိုစဉ် Mask တပ်ဆင်ထားသည့် အမျိုးသား ၄ ဦးသည် ဆိုင်အတွင်းသို့ ရုတ်တရက် အတင်းဝင်ရောက်လာပြီး အသင့်ပါလာသော အရိုးအသွား ၁၀ လက်မခန့်ရှိ ဆန်ထိုးပိုက်ဖြင့် ခြိမ်းခြောက်ကာ လုယက်ခဲ့ကြခြင်းဖြစ်ပါတယ်။
တရားခံတစ်ဦးဖြစ်သူ ထက်အောင် (ခ) ဖိုးဂျိမ်း ဆိုသူက ဆိုင်အတွင်းမှာပင် ဆိုင်ရှင် ဒေါ်ဖြိုးဇာလတ်အား ဆန်ထိုးပိုက်ဖြင့် ၃ ချက်တိတိ ထိုးနှက်တိုက်ခိုက်ခဲ့ပြီး iPhone 16 Pro တစ်လုံး၊ Redmi Note 7 တစ်လုံး၊ Oppo တစ်လုံး၊ ငွေကျပ် ၁၀ သိန်းနှင့် ပစ္စည်းများ (စုစုပေါင်း တန်ဖိုး ၆၉ သိန်းကျပ်ခန့်) ကို ဆိုင်အတွင်းမှ အတင်းလုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြပါတယ်။
တရားခံများသည် အခင်းဖြစ်ပွားသည့် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းကတည်းက မရမ်းကုန်းရှိ “သီတာရေစင်” အအေးခန်းဧည့်ရိပ်သာတွင် သွားရောက်တည်းခိုကာ ငွေကြေးလိုအပ်ချက်အရ အဆိုပါ ဟော့ပေါ့ဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြိုတင်တိုင်ပင် စီမံခဲ့ကြခြင်း ဖြစ်ပါတယ်။ ဆိုင်ရှင် ဒေါ်ဖြိုးဇာလတ်တွင် ထိုးသွင်းဒဏ်ရာ ၃ ချက် ရရှိခဲ့သဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ကာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပါတယ်။
ထို့နောက် အခင်းဖြစ်ပွားပြီး ၂ ရက်အကြာ စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ဆိုင်မွန်စွန်ကျဲထန်း (၂၉ နှစ်)၊ ခန့်လင်းထွဋ် (၃၂ နှစ်)၊ ထက်အောင် (ခ) ဖိုးဂျိမ်း (၂၈ နှစ်) နှင့် အေးမျိုးကျော် (ခ) ပါကညော (၂၃ နှစ်) တို့ ၄ ဦးလုံးအား ရွှေပေါက္ကံမြို့သစ်နှင့် အင်းစိန်မြို့နယ်တို့တွင် လုယက်ရာ၌ အသုံးပြုခဲ့သည့် ၁၀ လက်မခန့်ရှိ ဆန်ထိုးပိုက်၊ လုယက်ရရှိခဲ့သည့် Oppo ဖုန်းတို့နှင့်အတူ တာဝန်ရှိသူများက သက်သေခံပစ္စည်းများနှင့်တကွ ဖမ်းဆီးရမိခဲ့ပြီ ဖြစ်ပါတယ်။



Leave a Reply