မနေ့က မန္တလေးမြို့မှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲ လူနှစ်သောင်းကျော် လာရောက်အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့ဆို လူများလွန်းလို့ ရာသီဥတုကလည်း ပူနေတာကြောင့် မူးလဲတာတွေအထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ အတော်လေး အောင်မြင်ခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။
တကယ်တော့ စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲလာလုပ်ချိန် မန္တလေးမြို့မှာ လူငယ်တွေ အကြီးအကျယ် ပေါ်တာဆွဲခံနေရတာပါ။ အလုပ်သွားအလုပ်ပြန် ဆေးသုတ်သမား၊ ပန်းရံသမားလေးတွေ၊ နေ့စားအလုပ်သမားလေးတွေ၊ ပုဂ္ဂလိကဝန်ထမ်းလေးတွေဟာ အိမ်ပြန်ရောက်မလာတော့ဘဲ စစ်သင်တန်းကျောင်းတွေဆီ ခေါ်ဆောင်သွားခြင်း ခံနေရတဲ့အချိန်ပါ။ ညတင်မဟုတ်။ နေ့ခင်းမှာတင် အဆွဲခံနေရတာပါ။ ညဘက်ထွက်ဖို့တောင် ခက်ခဲနေကြချိန် ညဘက်လုပ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲအောင်မြင်တာဟာ အံ့သြစရာပါ။
စစ်တပ်က လက်နက်အားကိုးနဲ့ ပြည်သူ့အစိုးရက အနိုင်ကျင့်ပြီး၂၀၂၁ အာဏာသိမ်းတော့ အနုပညာရှင်တွေလည်း ပြည်သူတွေရဲ့ရှေ့ကနေလက်သီးလက်မောင်းတန်းပြီး ဆန္ဒပြခဲ့ကြတယ်။ အဲဒီအချိန်က Mask တပ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုလည်း ဆန္ဒပြပွဲတစ်ခုမှာ မှုန်မှုန်ဝါးဝါး မြင်လိုက်ရပါသေးတယ်။ အနုပညာရှင် အနည်းစုက စိတ်ပါလက်ပါနဲ့ အာဏာရှင်ကို တကယ်ကို လက်မခံချင်တဲ့စိတ်နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အများစုကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ရအောင် လှိုင်းစီးခဲ့တာသာ ဖြစ်ပါတယ်။ ၅ နှစ်အကြာမှာ သူတို့ဘာတွေလုပ်နေလဲဆိုတာကိုကြည့်လိုက်တာနဲ့ အဖြေပေါ်ပါလိမ့်မယ်။
လက်ရှိ အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အတွင်းမှာ ပုံမှန်အခြေအနေဖြစ်နေပြီဆိုတာကို နိုင်ငံတကာနဲ့ ပြည်တွင်းလူထုကို ပြသချင်တဲ့အတွက် ဖျော်ဖြေပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊ဘောလုံးပွဲအပါအဝင် အားကစားပြိုင်ပွဲတွေ ၊ဈေးပွဲတော်တွေကို မစည် စည်အောင်ဖိအားပေးပြီးတောင် လုပ်လေ့ပါတယ်။
စစ်အာဏာရှင်တွေရဲ့ အဓိကသက်တမ်းရှည်ရေး မဟာဗျူဟာဖြစ်တဲ့ တိုင်းပြည်မှာ ပုံမှန်အခြေအနေပြန်ရောက်နေပြီဆိုတဲ့ ပုံရိပ်ကို ဖန်တီးပြဖို့အတွက် အခုလို လူနှစ်သောင်းကျော်နဲ့ အောင်မြင်တယ်ဆိုတဲ့ ရှိုးပွဲမျိုးတွေဟာ အဆိုပါ စစ်အုပ်စု လိုချင်တဲ့ ပုံရိပ်ကို အကောင်းဆုံး ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။ တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်၊ လူငယ်တွေ အဓမ္မစစ်မှုထမ်းခိုင်းခံနေရချိန်မှာ ပွဲကြီးလမ်းကြီးတွေ ကျင်းပခွင့်ပေးတယ်ဆိုတာက စစ်အုပ်စုရဲ့ ခွင့်ပြုချက်၊ လုံခြုံရေး အပြည့်အဝပေးမှု မပါဘဲ လုံးဝ မဖြစ်နိုင်ပါဘူး။ စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲလုပ်တဲ့ကွင်းရဲ့ အနီးက တိုက်တွေပေါ်မှာ လက်နက်ကိုင်ထားပြီး စစ်အုပ်စုကလုံခြုံရေးယူပေးထားတယ်လို့လည်း စုံစမ်းသိရတယ်။
ဒါကြောင့် ဒီလိုပွဲမျိုးဟာ တစ်နည်းအားဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ ပုံရိပ်ဆိုးတွေကို ဖုံးကွယ်ပေးပြီး သာမန်အတိုင်း ရှိနေသယောင် ဝါဒဖြန့်ရာမှာ သွယ်ဝိုက်ပြီး ပုံဖော်ပေးသလို ဖြစ်သွားစေပါတယ်။စိုင်းစိုင်းခမ်းလှိုင်အပါအဝင် သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်တွေကလည်း စစ်တပ်ရဲ့ ရည်မှန်းချက် ပြည့်ဝအောင် အင်တိုက်အားတိုက်ကို အားဖြည့်နေကြတာပါ။
ကျွန်တော်တို့တတွေဟာ နေ့စဥ် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ နိုင်ငံတကာကသိအောင် အော်နေကြပါတယ်။ ကူပါ ကယ်ပါဆိုတဲ့ အသံတွေဟာ အော်ရလွန်းလို့ လည်ချောင်းတွေလည်း နာလှပြီ။ ခက်တာက အဲဒီလို အကူအညီတောင်းသံတွေ ဖုံးလွှမ်းသွားအောင် ဇာတ်သဘင်ကလည်း ကူညီတယ်။ ရုပ်ရှင်ကလည်း ပံ့ပိုးတယ်။ ဂီတကလည်း အားဖြည့်တယ် ။ဘောလုံးပွဲတွေကလည်းကူညီနေကြပြန်ပါတယ်။
ဒါ့အပြင် အနုပညာဆိုတာ လူထုရဲ့ အကျပ်အတည်းနဲ့ ခံစားချက်တွေအပေါ် ရပ်တည်ဖို့လိုပါတယ်။ ပြည်သူတွေ သွေးမြေကျနေချိန်၊ မျိုးဆက်သစ်လူငယ်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်၊ ဖမ်းဆီးခံနေရချိန်မှာ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ငွေကြေးအကျိုးအမြတ်အတွက် ဒီလိုပွဲမျိုးကို လက်ခံကျင်းပတဲ့ အနုပညာရှင်ဆိုသူတွေရဲ့ ကျင့်ဝတ်နဲ့ လူထုအပေါ် သစ္စာစောင့်သိမှုပိုင်းကို မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။
တကယ်တော့ ကျနော်တို့လည်း ခေတ်အခါကောင်းစဥ်က စိုင်းစိုင်းခမ်းလှိုင်သီချင်းတွေကို ကြိုက်နှစ်သက်အားပေးတဲ့သူတွေထဲမှာပါပါတယ်။ မျိုးကျော့မြိုင်ရေးပြီး စိုင်းစိုင်းခမ်းလှိုင်ဆိုခဲ့တဲ့ “မိန်းကလေးတစ်ယောက်ကို ချစ်မိရင်”ဆိုတဲ့ သီချင်းဟာ ကျွန်တော်တို့ လူငယ်ဘဝမှာ ခံစားလို့ကောင်းခဲ့တာပေါ့။
“အိမ်ပြန်ချိန်တွေ အတူလျှောက်လည်၊ နေဝင်ချိန်ဆို အတူရှိမယ်။ ကိုယ်တကယ်ချစ်သော မိန်းကလေးနဲ့ အတူရှိတဲ့ဘဝ ဘယ်လောက်ကောင်းလိုက်မလဲ”တဲ့။
ကိုစိုင်းရေ။ ခင်ဗျားသီချင်းထဲကလို လူငယ်တွေဟာ နေဝင်ချိန်၊ အိမ်ပြန်ချိန်တွေမှာ ကိုယ်ချစ်ရတဲ့သူနဲ့ ကြည်ကြည်နူးနူး လျှောက်လည်ခွင့်လည်း ဒီခေတ်မှာ သိပ်မရကြတော့ပါဘူး။ မကောင်းဆိုးရွားတွေ သောင်းကျန်းနေလို့ လူငယ်တွေဟာ နေမဝင်ခင် အိမ်ပြန်ပြေးရတဲ့ခေတ်ကို ရောက်နေတာ။ဒါပေမယ့် ပြသာနာက ခင်ဗျားတို့ကို သေနတ်တွေနဲ့စောင့်ရှောက်ပေးတဲ့ စစ်အုပ်စုက ပြည်သူတွေဆိုရင် နေ့မရှောင် ညမရှောင် ပေါ်တာဆွဲပြီး ရက်တို သင်တန်းပေးရှေ့တန်းပို့လို့ နေစဥ်နဲ့အမျှ လူငယ်တွေ ပုရွက်ဆိတ်ကလေးတွေလို စစ်အာဏာရှင်အတွက်သေပေးနေရပါတယ်။
ဒီတခါ ရှိုးပွဲဆိုရင် စင်အောင်က လူငယ်တွေရဲ့ မျက်လုံးတွေကို သေချာကြည့်လိုက်စမ်းပါ။ သူတို့မျက်လုံးထဲ အနာဂတ်တွေ တွေ့ရဲ့လားလို့။ ။



Leave a Reply