ကွဲပြားသွားပြီ ဖြစ်တဲ့ လူတန်းစား နှစ်မျိုး
(အတွေးအမြင်ဆောင်းပါး)
ရန်ကုန်၊ မန္တလေး မြို့ပေါ်တွေမှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ များလာချိန်၊ တဖက်မှာ စစ်မှုထမ်းဖို့ မဲနှိုက်နေကြရလို့ မိဘတွေ ငိုကြွေးသတိလစ်နေကြတဲ့ မြင်ကွင်း တက်လာပါတယ်။
တဖက်မှာကြပြန်တော့ ဆိုင်ကယ်ကြီးတွေ အုပ်လိုက် စီးကြပြီး ပျော်ပွဲတခုလို လှည့်ပတ်နေတဲ့ လူငယ်တွေ၊ ဘားတွေ ကလပ်တွေ ငွေတွေ သုံးဖြုန်းနေတဲ့ လူတန်းစားတွေ၊ ရှိုးပွဲတွေမှာ ညအထိ သာယာနေတဲ့ လူတန်းစားတွေရဲ့ မြင်ကွင်းက ရှေ့ရောက်လာပါတယ်။
ဆိုတော့ ပြောရရင် မြန်မာပြည်မှာ လူတန်းစားက နှစ်မျိုး လုံးဝ ကွဲပြားခြားနားသွားတာ တွေ့ရပါတယ်။
ဥပမာ- ရန်ကုန်မှာ ပေါ်တာဆွဲခံရတာ၊ဖမ်းဆီးခံနေရတာက အလုပ်လုပ်နေတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။
စစ်တပ်၊ ရဲ၊ လူမိုက်၊ ပျူစောထီးတွေ ပေါ်တာဆွဲ အနိုင်ကျင့်ရဲတာက ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ဖြစ်ပါတယ်။
ငွေရှိ ချမ်းသာတဲ့ အသိုင်းအဝိုင်းတွေ၊ လူတန်းစားတွေကိုတော့ မလုပ်ရဲကြသလို တချို့ကလည်း သိန်းရာချီပေးပြီး ကင်းလွတ်ခွင့် ရယူထားကြပါတယ်။
လက်ရှိ မန္တလေးမြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ မဲနှိတ်တာတွေ လုပ်နေကြပါတယ်။ မိဘတွေခမျာ မကြိုက်ကြပေမယ့် ငြင်းဆန်ခွင့် မရှိပါဘူး။
ဆိုတော့ သွားနှိုက်ကြတော့ အခြေခံလယတန်းစားတွေ အစဉ်လိုက်မဲပေါက်လို့ ငိုကြယိုကြ မြင်ကွင်းက စိတ်မကောင်းစရာပါ။
စစ်အုပ်စုဟာ ၎င်းတို့ အသက်ရှင်သန်ရေးအတွက် လူငယ်တွေရဲ့ အသက်ကို စတေးဖို့ အကြံကြီးကြီးနဲ့ လုပ်နေတာမျိုးပါ။
တဖက်မှာကြပြန်တော့ ရှိုးပွဲတွေမှာ လူတွေ ကြိက်ကြိက်တိုး စည်ကားနေပြီး ကခုန်နေကြတဲ့ လူတန်းစားဘဝကို တွေ့ရပြန်တယ်။
စစ်တပ်ထောက်ခံသူတစ်ချို့ဆို နိုင်ငံခြားဖြစ်အရက်တွေ ဇိမ်ခံသောက်ရင်း အရမ်းကို လွတ်လပ်နေတဲ့ တိုင်းပြည်ပုံစံ ဖမ်းထားကြပြန်တယ်။
မန္တလေးမြို့နဲ့ မနီးမဝေးနေရာမှာတင် တိုက်ပွဲတွေ ဖြစ် စစ်ပွဲတွေ ပြင်းထန်နေပေမယ့် ရေပေါ်ဆီ လူတန်းစားတွေဟာ ၎င်းတို့နဲ့ မဆိုင်သလို နေတက်နေကြပါပြီ။
စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ၊ ရွှာတွေကို မီးရှို့၊ လုယက် သတ်ဖြတ်နေကြပေမယ့် ကိုယ့်နဲ့ မဆိုင်သလို နေတက်ကြပါပြီ။
မန္တလေးမြို့ဟာ ခိုးဆိုးလုနှိုက် ပေါတဲ့ မြို့တော် ဖြစ်ပြီး နေ့စဉ် မပြတ်ဖြစ်ပွားနေတာပါ။ ပြည်သူ့စစ်တွေ၊ ပျုစောထီးတွေ ထင်တိုင်း ကြဲနေကြတာကိုလည်း ခေါင်းငုံခံပြီး နေကြတဲ့ လူတန်းစား ဖြစ်လာပါပြီ။
အာဏာရှင်ကို တွန်းလှန်ဖို့ထက် ရေကြည်လေးတပေါက် သောက်ရရင် သေပျော်ပါပြီ ဆိုတဲ့ လူတန်းစားက ပိုများလာပါတယ်။
ဆိုတော့ စစ်တပ်ထောက်ခံသူတွေ၊ တနွယ်ယက်ပြီး ပေါင်းသင်းနေသူတွေက ဩဇာကြီး နေရာယူလာပါတယ်။
တချိန်က အပေအတေတွေ၊ ဆေးရှု၊ လူမိုက်ပေါက်စ လုပ်၊ အတန်းပညာမတက်တဲ့ လူအောက်တန်းစားတချို့ဟာ ပြည်သူ့စစ်တွေ ဖြစ်၊ ပျူစောထီးတွေ ဖြစ်လာတော့ ပညာမဲ့တဲ့ တိုင်းပြည်မှာ ယူနီဖောင်းတကားကားနဲ့ ပညာပြနေကြပါတယ်။
ဘာအတွေးအခေါ် အယူအဆမှ မရှိ၊အာဏာပါဝါလေးပြချင်တဲ့ လူတန်းစားတွေ ခေါင်းထောင်လာတဲ့ ဒီနိုင်ငံက တိုးတက်မယ် လို့ အထင်ရှိကြသူတွေကိုလည်း အံဩစရာပါ။
နောက်ပြီး ရန်ကုန်မှာလည်း အလုပ်အသွားအပြန် လူငယ်တွေကို တွေ့တဲ့နေရာမှာ ဖမ်းဆီးနေတာ တိုးပွားလာပါတယ်။
အလားတူ တဖက် ဘားတွေ၊ ကလပ်တွေမှာလည်း နေ့ည မပျက် မူးရူးပျော်ပါးနေတဲ့ လူတန်းစားကလည်း တိုးလာပါတယ်။
စစ်တပ်အပေါင်းအပါဖြစ်ရင် ဆေးချ မူးရှုးနေလည်း လွက်ပေးမှာ ဖြစ်သလို မိဘကို လုပ်ကျွေး၊ မိသားစုကို ရှာကျွေးနေတဲ့ အခြေခံလူတန်းစားတွေကို ခွေး၊ ကြောင် ဖမ်းသလို ဖမ်းပြီး ရောင်းစားနေတဲ့ ဈေးကွက် ကြီးထွားလာနေပါတယ်။
“လူငယ်တစ်ဦး သိန်း ၆၀” ဆိုတဲ့ စကားက စီးပွားရေး လုပ်ငန်း လုပ်တာထက် တွက်ခြေကိုက်တော့ လူမိုက်တွေ၊ ပျုစောထီးတွေ၊ ဒလန်တွေက အနိုင်ကျင့်ချင်တိုင်း ကျင့်နေကြတာပါ။
ရန်ကုန်မှာ စီးပွားရေးလုပ်ရင် တလ သိန်း ၆၀၀ မြတ်ဖို့ မသေချာပေမယ့် လူငယ် ၁၉ ကို ဖမ်းဆီးရောင်းစားနိုင်ရင် လွယ်လွယ်ရပါတယ်။
ခေတ်သစ် ကျွန်ဖမ်း ပွဲတော်ကို ရန်ကုန်မှာ ပျော်ပျော်ကြီး ကျင်းပ ဖမ်းဆီးနေကြတာပါ။
လူငယ်တွေ ဖမ်းတာ တွေ့ရင်လည်း ဒီတိုင်း ကြည့်နေကြတဲ့ လူတွေကြောင့်လည်း ရန်ကုန်ဟာ မလုံခြုံတော့တဲ့ မြို့တော် ဖြစ်လာပါတယ်။
တဖက်မှာ စစ်တပ်ကလည်း အခုလို လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေကြရင် မျက်စိမှိတ် ခွင့်ပြုပေးနေကြပါတယ်။
တဖက်မှာ တန်ဖိုးကြီး ဆိုင်ကယ်ကြီးတွေ စီးပြီး လူတန်းစား တစုက ပျော်ပါးနေချိန် တဖက်မှာလည်း မမှောင်ခင်အိမ်အရောက်ပြန်နေရတဲ့ လူငယ်တွေ တိုးလာပါတယ်။
မိဘတွေအနေနဲ့ကလည်း သားသမီးတွေ အချိန်မှီ ပြန်မလာရင်၊ အလုပ်မှာ ရှိမနေရင် ရင်ထုမနာ ပူဆွေးနေကြရတဲ့ အဆင့်ထိ ဖြစ်လာနေပေမယ့် လူတန်းစားတွေက ကွဲပြားလာပါတယ်။
ဆိုတော့ အာဏာသိမ်းပြီး ငါးနှစ်အတွင်းမှာ လူတွေရဲ့ ပြောင်းလဲသွားတဲ့ အချက်တွေ မြင်လာရပါတယ်။
ငါးနှစ်ကျော်ကြာတဲ့အထိ အာဏာရှင်အသိုင်းအဝိုင်းနဲ့ မပတ်သတ်ဖို့ ကြိုးစားနေထိုင်ကြသူတွေ ပိုပြီး ဆိုးဝါးလာနေပါတယ်။ အန္တရာယ်လည်း များလာသလို စိန်ခေါ်မှုလည်း တိုးလာပါတယ်။
တချို့ကြပြန်တော့ ပြည်သူ့စစ်တွေ၊ ပျုစောထီးအုပ်စုတွေနဲ့ ပေါင်းပြီး လုံခြုံမှုတွေ ရယူလာကြပြန်တယ်။
မန္တလေးမှာဆို စစ်မှုထမ်းကင်းလွတ်ဖို့ ရဲထဲ ထည့်သူတွေ၊ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်သူတွေများလာပြီး ယူနီဖောင်းတကားကားနဲ့ ကြွစောင်းစောင်း ဖြစ်လာကြပါတယ်။
တချို့ကြပြန်တော့လည်း မြဝတီလို နေရာတွေကို ရောက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေဆီမှာ ဝင်ပြီး ကြွားဝါနေကြသူတွေလည်း ရှိလာပါတယ်။
ရန်ကုန်မှာ ငွေရှိတဲ့ သူတွေကတော့ သားငမီးတွေ စစ်မှုထမ်းလွတ်ဖို့ တစ်နှစ် သိန်း ၁၀၀ ပေးပြီး နေကြပါတယ်။
ငွေကြေးချမ်းသာသူတွေအတွက် သိန်း၁၀၀ ဆိုတာ ပါးပါးလေး ဖြစ်တော့ အုပ်ကြီးတွေ သူဌေးဖြစ်လာကြပါတယ်။
ဆိုတော့ နောက်ဆုံးခံရတာက အောက်ခြေလူတန်းစားတွေ ဖြစ်ပြီး တွန်းလှန်ဖို့ အားကလည်း မရှိ၊ ငွေကြေးကလည်း မတက်နိုင်၊ စားဝတ်နေရေးကလည်း ရှိတော့ ရုန်းကန်ကြရင်း အလှည့်ကြုံတဲ့အခါ ဖမ်းဆီးခံရ၊ စစ်မှုထမ်းပါသွားတဲ့ အခြေအနေပါ။
စစ်အုပ်စုကလည်း ရန်ကုန်၊ ဧရာဝတီတိုငိးက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီးရင် ရှမ်းမြောက်နဲ့ ရှမ်းအရှေ့က စစ်သင်တန်းကျောင်းတွေကို ပို့ပါတယ်။
စစ်သင်တန်းပြီးရင် ရှေ့တန်းကို တန်းပို့ကြတာကြောင့် လက်ရှိ တိုက်ပွဲ ဖြစ်တဲ့ နေရာတွေမှာ စစ်မှုထမ်းပါဝင်မှုက ၇၀ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ အများစုက အောက်ခြေက ဆင်းရဲသား နင်းပြားတွေ ဖြစ်ပါတယ်။
တိုင်းရင်းသားဒေသတချို့မှာတော့ ပြည်သူ့စစ်အမည်ခံ အဖွဲ့ဝင်တွေ ဖြစ်လို့ ရပြီး လုပ်စားကြတာလည်း ရှိပါတယ်။ အဖွဲ့အစည်းတခုကို ဝင်မယ်ဆို ကျပ် ၁၀ သိန်းကနေ သိန်း ၂၀ အထိ ကုန်ကျပြီး အဖွဲ့ဝင်ကဒ်ပြားရပါတယ်။
စစ်မှုထမ်းလိုက်စရာလည်း မလို၊ ပြည်သူ့စစ်တွေအဖြစ် ရှေ့တန်းထွက်စရာလည်း မလိုပဲ စီးပွားရေးလုပ်တက်ရင် ပေါင်းပြီးတောင် လုပ်စားလို့ ရပါတယ်။
ဆိုတော့ ပြောရရင် မြန်မာပြည်မှာ လူတန်းစား နှစ်မျိုးကွဲပြားသွားပါပြီ။
ဘယ်အချိန် လာအဖမ်းခံရမလဲ၊ ပေါ်တာဆွဲခံရမလဲ ဆိုပြီး ကြောက်နေရတဲ့ လူတန်းစားရယ်၊ ဘာဖြစ်ဖြစ် ငါတို့နဲ့ မတဆိုင်ဘူး ဆိုတဲ့ ရေပေါ်ဆီ လူတန်းစားတွေရယ်ပါ။
တိုင်းပြည်အပျက်ဆုံးအချိန်မှာ ရသလောက် ပျော်ပါးမယ်။ သူများတွေ ဒုက္ခရောက်တာ ငါတို့ ရောက်တာ မဟုတ်ဘူးဆိုတဲ့ လူတန်းစားတွေ တိုးလာနေပါတယ်။
အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ မော်လမြိုင်၊ ဘားအံ၊ ပဲခူး၊ပုသိမ်တို့လို နေရာမျိုးတွေက လူတွေပါ။
ကမ္ဘာပျက်ခါနီး ပျော်ပါးနေကြတဲ့ မြင်ကွင်းလိုပဲ မြန်မာနိုင်ငံရဲ့ အဆိုးဝါးဆုံး ပျက်ယွင်းမှုကို မြင်ရခါနီး မြင်ကွင်းဖြစ်ပါတယ်။
ဆိုတော့ တိုင်းပြည်မှာ လူတန်းစား နှစ်ခုက မတူညီပဲ ကွဲပြားလာသလို လူတွေရဲ့ ဒေါသဖြစ်တည်မှုကလည်း တိုးလာပါတယ်။
ဆင်းရဲနှိမ့်ကျလာသလို ခတ်ခဲပြီး စားဝတ်နေရေးအတွက် ရုန်းကန်ရ မလွယ်ကူတော့တဲ့ လူတန်းစားတွေ တဖြေးဖြေး တိုးလာပါတယ်။
ဆိုတော့ အခုတော့ တဖြေးဖြေး နိုင်ငံရေးက ငါတို့နဲ့ မဆိုင်ဘူးဆိုတဲ့ လူချမ်းသာအသိုင်းအဝိုင်းတွေကို တိုက်ခိုက်တာ၊ လုယက်တာ တိုးလာနေပါပြီ။
ဘာကြောင့်လဲ ဆိုရင် ဆင်းရဲနှိမ့်ကျလာလို့ပါ။
အရင်တုန်းက ပြောဖူးသလိုပဲ လူချမ်းသာတွေဟာ ပစ်မှတ်တခု ဖြစ်လာနေတယ် ဆိုတာ မြင်တွေ့ရမှာပါ။
စစ်အာဏာရှင် ထိန်းချုပ်နေသရွေ့ တိုင်းပြည်က ဟိုအောက်ဆုံးထိထိုးကျသွားမှာပါ။
ဆိုတော့ လူတန်းစား နှစ်ခု ကွဲပြားလာတာက စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ပြသနေတာပါပဲ။
တိုင်းပြည်ရဲ့ မကောင်းတဲ့ ဖြစ်ရပ်တွေ ပိုများလာဖို့ ကြိုတင်နမိတ်ပြနေတဲ့ မြင်ကွင်း ဖြစ်ပါတယ်။
ဆိုတော့ အရာရာကို ကြိုပြင်ဆင် သတိထားပါ။ ကိုယ့်အိမ်၊ ပါတ်ဝန်းကျင်ကို လုံခြုံအောင် ဖန်တီးပါ။ ပါတ်ဝန်းကျင် အသိုင်းအဝိုင်းချင်း ကူညီအားပေးပါ။
လူတန်းစားတွေ နိုင်ငံရဲ့ စနစ်တွေ ပျက်စီးယိုယွင်းလာရခြင်းရဲ့ မြင်ကွင်းက လက်မခံချင်ပေမယ့် မြင်နေကြရတာပါ။
နယ်တွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးလာသလို မြို့ပြ ၎င်းတို့ ထိန်းချုပ်တဲ့ နေရာတွေမှာလည်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ ပြောင်ပြောင်တင်းတင်းလုပ်လာကြပါတယ်။
ဒါကြောင့်လည်း အနှိပ်စက်ခံရ၊ အဖိနှိပ်ခံရတဲ့ အသိုင်းအဝိုင်းက သပ်သပ်၊ စစ်အုပ်စုနဲ့ ပေါင်းပြီး သာယာကျေနပ်နေကြတဲ့ ရေပေါ်ဆီအသိုင်းအဝိုင်းက သပ်သပ် ဖြစ်လာပါတယ်။
ဒီမြင်ကွင်းက မကြာမှီ ဒီအုပ်စုနှစ်ခုရဲ့ တိုက်ပွဲတွေကိုလည်း တွေ့လာရနိုင်ပါတယ်။ တရားဥပဒေမစိုးမိုး၊ အားကြီးသူသာ နိုင်စတမ်းဆိုတဲ့ တိရိစ္ဆာန်လောကလို ဖြစ်လာနေတာက စိတ်မကောင်းစရာပါ။
နိုင်ငံကတော့ ပျက်စီးသွားပါပြီ ဆိုတာ သိသာစေတဲ့ မြင်ကွင်း ဖြစ်ပါတယ်။



Leave a Reply