တာမွေ ၁၅၅ လမ်းမှာ ကလေးတစ်ဦး ရေမြောင်းထဲ ပြုတ်ကျမျောပါသွားလို့ အရေးပေါ်ရှာဖွေနေ
ဒီကနေ့ စက်တင်ဘာ ၇ ရက် ညနေပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံနေချိန် ရန်ကုန်၊ တာမွေမြို့နယ် ၁၅၅ လမ်းအနီး စည်ပင်ဝင်းဘက်မှာ ကလေးတစ်ဦး ရေမြောင်းထဲ ပြုတ်ကျပြီး ရေစီးနဲ့ မျောပါသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဆော့ကစားနေတဲ့ ကလေးလေးဟာ ဖိနပ် ရေထဲမျောသွားတာကို လိုက်ကောက်ရင်း ရေစီးနဲ့အတူ မျောပါသွားတာလို့ ဆိုပါတယ်။
ဖြစ်ဖြစ်ချင်းမှာ အနီးအနားက လူတွေက မြောင်းဖုံးတွေ လှန်ပြီး လိုက်လံရှာဖွေခဲ့ပေမယ့် ရေစီးက အရမ်းသန်နေသလို ကလေးကိုလည်း မတွေ့ခဲ့ဘူးလို့ သိရပါတယ်။
လက်တလောမှာ ကယ်ဆယ်ရေးအဖွဲ့တွေပါ ပူးပေါင်းပြီး ညပိုင်းအထိ ရှာဖွေနေကြပေမယ့် ကလေးကို အခုအချိန်အထိ ပြန်လည်ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ နတ်ချောင်းဘက်အထိ ဆက်လက်ရှာဖွေနေတယ် လို့ ဆိုပါတယ်။
ဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေကလည်း ကလေးရဲ့မိခင်ဟာ မျက်စိရှေ့မှာ ဖြစ်ပွားသွားတာကြောင့် အလွန်ဝမ်းနည်းတုန်လှုပ်နေတယ်လို့ ပြောပါတယ်။



Leave a Reply