လက်နှစ်ဖက်မဲ့ ရေကူးချန်ပီယံ
လက်နှစ်ဖက်မရှိသည့် ကိုအောင်ငြိမ်းဦးတစ်ယောက် ရေကူးကန်ထိပ်မှ သတ်မှတ်နေရာတွင် အသင့်ပြင် လိုက်ချိန်မှာတော့ အားကစားရုံတစ်ခုလုံး လက်ခုပ်သံနှင့် အော်ဟစ်အားပေးသံများ ဆူညံပွက်လော ရိုက်သွားသည်။ ရေကူးကန်ထောင့်တစ်နေရာမှာ စုေ၀းနေသော မြန်မာအသင်းနှင့် ပွဲကြည့်စင်ပေါ်မှ ပရိသတ်တို့ အားပေးသံများဖြစ်သည်။
“အောင်ငြိမ်းဦး”ဟူသည့်အမည်ကို အော်ဟစ်လျက်အားပေးနေသူများမှာ အများစုက ၀ှီးချဲပေါ်တွင်ဖြစ်ပြီး မတ်တတ်ရပ်နေသူတချို့ကတော့ ခြေလက်တစ်ခုခု မသန်စွမ်းသူများဖြစ်ကြသည်။
အသက်(၂၆)နှစ်အရွယ် ကိုအောင်ငြိမ်းဦးမှာ လက်နှစ်ဖက်လုံးမရှိ။ သို့သော် သူ့မှာ စိတ်ဓာတ်နှင့် ယုံကြည် ချက်ရှိသည်။ အခြားနိုင်ငံမှ မသန်စွမ်းသူများနှင့် ယှဉ်ပြိုင်ရာတွင် မြန်မာနိုင်ငံမှ မသန်စွမ်းအဖွဲ့များ အနေဖြင့် နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်များစွာရှိခဲ့သော်လည်း ကိုအောင်ငြိမ်းဦးက ရေကူး အားကစားပြိုင်ပွဲကို လက်နှစ်ဖက်မရှိဘဲ ခြေထောက်ဖြင့် အားပြုကူးခတ်ပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ရယူ၍ နိုင်ငံ့ဂုဏ်ဆောင်ပေးခဲ့သည်။
မုံရွာသားအောင်ငြိမ်းဦးက ငယ်စဉ်ကပင် မိခင်ဖြစ်သူ ဆုံးပါးသွားသည့်အတွက် မန္တလေးမှ ဘုန်းတော်ကြီး တစ်ပါးက စောင့်ရှောက်ထားခဲ့သူဖြစ်သည်။ အရွယ်ရလာသည့်အခါ မန္တလေးရှိ မိဘမဲ့ကလေးကျောင်းသို့ ရောက်ရှိခဲ့သည်။
ကျောင်းအုပ်ဆရာမကြီး ပြောစကားနှင့် စည်းကမ်းများကိုမလိုက်နာဘဲ ကျောင်းမှထွက်ပြေးကာ ဘူတာတွင်နေထိုင်ခဲ့သည်။ ထိုအချိန်ထိ (၁၅)နှစ်အရွယ် အောင်ငြိမ်းဦးမှာ သန်သန်မာမာဖြစ်သည်။ ဘူတာတွင် ခြေသလုံးအိမ်တိုင်နေထိုင်ရင်း မီးရထားတွဲများပေါ် ကျင်လည်ကျက်စားခဲ့သည်။
တစ်နေ့တွင် အမြန်ရထားတစ်စီးနောက် ပြေးလိုက်ရင်း ရထားပေါ်ရောက်နှင့်နေသည့် သူငယ်ချင်းတစ်ဦးက အောင်ငြိမ်းဦးကို ရထားပေါ်တက်မည်အထင်ဖြင့် အကျႌစလှမ်းဆွဲလိုက်သည်။ ရထားတွဲခြေနင်းခုံပေါ် ရောက်ရှိသွားသော်လည်း ကိုင်စရာတန်းမရှိသည့်အတွက် အရှိန်မထိန်းနိုင်ဖြစ်ကာ ရထားပေါ်မှ ခြေချော်ပြုတ်ကျခဲ့သည်။
ကံအကြောင်းမလှစွာပင် ထိုနေ့က အောင်ငြိမ်းဦးလက်နှစ်ဖက် ရထားဘီးအောက်တွင် ကျန်ရစ်ခဲ့ပါသည်။ ဘူတာအနီးရှိနေသည့် ကုန်သည်အချို့က အောင်ငြိမ်းဦးကို ဆေးရုံသို့ ပို့ဆောင်သော်လည်း ဆေးရုံမှ ဆရာ၀န်များက လူနာရှင်မရှိလျှင် တက်ရောက်ခွင့်မပြုဟုဆိုသည့်အတွက် သူနှင့်သိသည့် မိဘမဲ့ကလေးအချို့က ကျောင်းအုပ်ဆရာမကြီးထံ ဖုန်းဆက်ပေးခဲ့သည်။ ဆရာမကြီးက သတင်းကြားကြားချင်း ဆေးရုံသို့ရောက်လာပြီး ဆရာ၀န်များကို အပြစ်တင်ခဲ့သည်။ ဆရာမကြီး ပေးသည့်အသက်နှင့် ရှင်သန်ခဲ့ရသည့် အောင်ငြိမ်းဦးက မိဘမဲ့ကျောင်းမှာပင် ဆက်လက်နေထိုင်ခဲ့သည်။
“ဆေးရုံကဆင်းပြီး စိတ်ဓာတ်တွေကျတယ်။ ဘာမှလုပ်ချင်စိတ်မရှိတော့ဘူး။ ကျောင်းမှာ လက်ေ၀့ှထိုးတဲ့ ထိန်လင်းငွေဆိုတာ ကျောင်းစံပြပဲ။ သူက ရွှေတံဆိပ်တွေရတယ်။ သူ့ကိုကြည့်ရင်းနဲ့ ငါလည်း ဘာလို့မလုပ်နိုင်ရမှာလဲဆိုပြီး အားတက်လာတာ။ ဆရာမကြီးကိုခွင့်တောင်းပြီး ၂၀၀၇ ခုနှစ်မှာ ရေကူး စသင်ဖြစ်တာပါ”ဟု အောင်ငြိမ်းဦးကပြောပြသည်။
၂၀၀၇ ခုနှစ်မှစတင်ကာ ပြည်တွင်းမသန်စွမ်းအားကစားပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လာခဲ့ပြီး ရွှေ၊ ငွေ၊ ကြေးတံဆိပ်များစွာကို အောင်ငြိမ်းဦး ဆွတ်ခူးနိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ် အင်ဒိုပါရာဂိမ်းပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်နှစ်ခု ရယူပေးနိုင်ခဲ့သည်။ ယခုနှစ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၇)ကြိမ်မြောက် ပါရာဂိမ်းပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်နှစ်ခု ရယူပေးလိုက်ပြန်သည်။
မန္တလေးမိဘမဲ့ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီထွေးကိုယ်တိုင် သားတပည့်ဖြစ်သူကို လာရောက်အားပေးခဲ့သည်ကလည်း အောင်ငြိမ်းဦးအတွက် တက်ကြွဖွယ်ရာ အားဆေးတစ်ခွက်ဖြစ်ခဲ့သည်။
“ဆရာမကြီးလာအားပေးတော့ အားတက်သွားတယ်။ ကျေးဇူးလည်းတင်တယ်။ ဆရာမကြီးအပေါ် ဆိုးခဲ့မိုက်ခဲ့ပေမယ့် ဆရာမကြီးက သဘောထားကြီးကြီးနဲ့ ကျွန်တော့်ကို ခွင့်လွှတ်ခဲ့တယ်”ဟု အောင်ငြိမ်းဦးက တိုးလျစွာပြောသည်။
ကိုအောင်ငြိမ်းဦးလိုပင် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ၀င်ရောက်နေသည့် မသန်စွမ်းသူများမှာ စိတ်ဓာတ်တစ်ခုအရင်းပြု၍ နိုင်ငံအတွက် ကြိုးစားခဲ့ကြသည်။
ရေကူးအားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် အသက်(၁၇)နှစ်အရွယ် မအေးအေးသန်းမှာ ဆုတံဆိပ်တစ်ခုမျှ မရရှိခဲ့သော်လည်း စိတ်မပျက်ဘဲ နောင်လာမည့်ပြိုင်ပွဲများတွင် ဆုတံဆိပ်များရယူနိုင်ရန် ကြိုးစားသွားမည်ဟု ဆုံးဖြတ်ထားသည်။ မအေးအေးသန်းမှာ မွေးရာပါလက်နှစ်ဖက်မရှိသူဖြစ်ပြီး မသန်စွမ်းပြုစုစောင့်ရှောက်ရေးဂေဟာမှဖြစ်သည်။
သန်လျင်မြို့နယ်တွင်နေထိုင်ပြီး အတန်းပညာတစ်တန်းသာတက်ဖူးသည့် မအေးအေးသန်းက ရေကူးအားကစားလေ့ကျင့်ခဲ့သည်မှာ တစ်နှစ်သာရှိသေးသည်။ မိသားစုတွင် ညီမသုံးဦး၊ မောင်တစ်ဦးရှိပြီး သူက အကြီးဆုံးသမီးဖြစ်သည်။
မသန်စွမ်းပြုစုစောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိလာသည်မှာ ငါးနှစ်ပင်ရှိခဲ့ပြီဖြစ်ပြီး ထိုအကြောင်းကို မအေးအေးသန်းက အောက်ပါအတိုင်းပြောပြသည်။
“သူငယ်ချင်းတွေနဲ့ လမ်းဘေးမှာလျှောက်သွားနေလို့ စည်ပင်က ပိုက်ဆံတောင်းနေတယ်ဆိုပြီး ဖမ်းသွားတယ်။ စစ်တော့ မတောင်းပါဘူးပြောလည်းမရဘူး။ အရင်က အိမ်မှာအမေက နင့်ကို သင်တန်းကျောင်းပို့ပစ်မယ်လို့ ခဏခဏပြောတယ်။ သူငယ်ချင်းတွေကလည်း သင်တန်းကျောင်းမှာ လက်မှုပညာတွေ သင်ပေးတယ်လို့ပြောတာ ခဏခဏကြားနေတော့ သင်တန်းကျောင်းကို ရင်းနှီးနေတယ်။ အဲဒါနဲ့ စည်ပင်ကပို့တော့ တမင်လိုက်သွားတာ”
အေးအေးသန်းက ကန်တော်ကြီးအနီးရှိ နတ်မောက်မသန်စွမ်းကျောင်းတွင် လေးနှစ်နေထိုင်ခဲ့ပြီးမှ မသန်စွမ်းပြုစုစောင့်ရှောက်ရေးဂေဟာသို့ရောက်ရှိပြီး ကလေး၀ိုင်းထိန်းပေးခြင်း၊ စာအိတ်များ ပြုလုပ်ခြင်း
တို့ဖြင့် ဖြတ်သန်းနေသူဖြစ်သည်။ အိမ်က ခဏခဏလာခေါ်သော်လည်း အေးအေးသန်းကပြန် မလိုက် လိုပေ။ အိမ်ကလာခေါ်မှာကိုပင် ကြောက်နေမိသည်ဟု သူကဆိုသည်။ ပထွေးဖြစ်သူလည်းရှိတာမို့ သင်တန်းကျောင်းမှလူကြီးများကလည်း ပြန်မထည့်လိုပေ။
ရေကူးအားကစားနည်းကို အခက်အခဲများကြားမှ အားမလျှော့ဘဲ လေ့ကျင့်ခဲ့ပြီး အေးအေးသန်း တစ်ယောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် နိုင်ငံကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်ရသူတစ်ဦး ဖြစ်လာခဲ့သည်။
လိပ်ပြာကူးနည်းကို မကူးဖူးသော်လည်း ရအောင်ယှဉ်ပြိုင်ခဲ့ကာ ပြိုင်ပွဲအပြီးတွင် အားပြတ်ပြီးမူးလဲ သွားခဲ့သည်။ ဆုမရရှိသော်လည်း အေးအေးသန်း စိတ်မပျက်။ “နောက်ပွဲတွေမှာ ကြိုးစားမယ်”ဟု သူက ခိုင်မာစွာဆိုသည်။
မန္တလေးမြို့တွင် ၀ှီးချဲဖြင့် ထီလိုက်ရောင်းသူ မွေးရာပါမသန်စွမ်း ကိုသန့်ဇင်မှာ အာဆီယံပါရာဂိမ်းတွင် နိုင်ငံအတွက် ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု ရယူပေးလိုက်သည်။ ရေကူးအားကစားကို မသန်စွမ်းတစ်ဦးအနေဖြင့် ကိုသန့်ဇင် ၁၃ နှစ်တိုင် ကစားခဲ့သည်။ ယခုကဲ့သို့ နိုင်ငံတကာမှ အားကစားသမားများနှင့် ယှဉ်ပြိုင်ရသည့်အခါ သန်မာမှုနှင့် နည်းစနစ်ပိုင်းများ ကွာဟမှုများစွာရှိကြောင်း ကိုသန့်ဇင်ကဆိုသည်။
“မသန်စွမ်းတစ်ယောက်အနေနဲ့ ရေကူးတာ တော်ရုံမလွယ်ဘူး”ဟု ၀ှီးချဲပေါ်တွင် ဆုတံဆိပ်များ ချိတ်ဆွဲလျက် ထိုင်နေသည့် ကိုသန့်ဇင်ကပြောသည်။ ယခုက့ဲသို့ ဆုတံဆိပ်သုံးခုရရှိသည့်အပေါ် ကိုယ့်နိုင်ငံ ကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးနိုင်သည်ဟုယူဆပြီး အလွန်ပျော်ရွှင်၀မ်းသာနေကြောင်း သူက ဆက်လက်ပြောခဲ့သည်။
မသန်စွမ်းရေကူးအဖွဲ့မှာ ယခုပြိုင်ပွဲကြီးတွင် ရွှေတံဆိပ် ၁၅ ခု မှန်းထားသော်လည်း ၁၂ ခုသာ ရရှိခဲ့သည်။ ငွေတံဆိပ်ရှစ်ခုနှင့် ကြေးတံဆိပ် ၁၃ ခုကိုပါ ရရှိခဲ့သည်။ “ကိုယ့်နိုင်ငံက ဆေးအဆင့်နိမ့်နေတဲ့အတွက် အားနည်းချက်ရှိတယ်။ ဒါပေမဲ့ ငါတို့မြန်မာ နိုင်ရမယ်ဆိုပြီး စိတ်ဓာတ်ကို မြှင့်ထားခဲ့ကြတယ်”ဟု ရေကူးအသင်းနည်းပြခေါင်းဆောင် ဦးမြခိုင်ကဆိုသည်။
သံလုံးပစ်အားကစားယှဉ်ပြိုင်ခဲ့သည့် (၂၅)နှစ်အရွယ် ကိုအောင်သူရတစ်ယောက် အားကစားကွင်းအတွင်း စိတ်လှုပ်ရှားစွာဖြင့် မိဘဆွေမျိုးများထံ ဖုန်းဆက်နေသည်။ ဆေးအဆင့်နိမ့်လွန်းပြီး အစွမ်းကုန်ကြိုးစား၍ ယှဉ်ပြိုင်ခဲ့ရသည့်အတွက် မည်သည့်ဆုမှရရှိမည်ဟု သူ မထင်ထားခဲ့ပေ။ ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်သည့် ဇန်နဝါရီ ၁၉ ရက်တွင်မှ သူ ကြေးတံဆိပ်ရရှိကြောင်း အကြောင်းကြားလာသဖြင့် ပျော်ရွှင်နေခြင်းဖြစ်သည်။
မွေးရာပါသူငယ်နာအကြောတင်းရောဂါဖြင့် ၀ှီးချဲပေါ်ထိုင်နေသည့် ကိုအောင်သူရက “ပထမတော့ စိတ်မကောင်းဘူးပေါ့။ အခု ပီတိဖြစ်နေတယ်။ နောက်ပွဲတွေမှာ ရွှေရအောင် ကြိုးစားမယ်”ဟု ပြောသည်။ သူက ပြည်တွင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်နှစ်ခုရရှိထားသူလည်းဖြစ်သည်။ မသန်စွမ်းဖြစ်သည့်အတွက် တစ်ခါတစ်ရံ ၀မ်းနည်းစိတ်ဖြစ်ပေါ်မိသော်လည်း သူ့အပေါ်နားလည်အားပေးသည့် ပတ်၀န်းကျင်တွင် နေထိုင်ခဲ့ရသည့်အတွက် အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါသည်ဟု သူကဆိုသည်။
(၇)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မသန်စွမ်းကစားသမားများအတွက် နည်းစနစ်ပိုင်းနှင့် အထောက်အကူပြုပစ္စည်းများ အားနည်းခဲ့သည်။ တချို့အားကစားနည်းများမှာ မြန်မာနိုင်ငံက ယခုနှစ်တွင်မှ ထည့်သွင်းကစားခြင်းဖြစ်သည့်အတွက် ကစားသမားတို့အတွက် အခက်အခဲရှိခဲ့သည်။ သို့သော်လည်း မြန်မာ့ဂုဏ်ဆောင် မသန်စွမ်းကစားသမားများသည် ပြိုင်ပွဲတိုင်းတွင် စိတ်မပျက်၊ ဇွဲမလျှော့ဘဲ အဆင့်အတန်းမီစွာ ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရသည်။
ပြိုင်ပွဲအများစုတွင် အားနည်းချက်တစ်ခုမှာ ကစားသမားများအသုံးပြုသည့် ၀ှီးချဲများဖြစ်သည်။ နိုင်ငံ အသီးသီးမှကစားသမားများ အသုံးပြုသည့် ၀ှီးချဲများမှာ အဆင့်မီကောင်းမွန်ပြီး မြန်မာကစားသမား များ၏၀ှီးချဲများမှာ အခက်အခဲရှိနေခဲ့သည်။
“အချိန်လည်းမလုံလောက်ဘူး။ ၀ှီးချဲကွာဟမှု၊ နည်းစနစ်၊ ခံစစ် အရမ်းအားနည်းခဲ့တယ်။ သူတို့နိုင်ငံတွေက ၀ှီးချဲတွေက သွားလာရလွယ်ကူပေါ့ပါးတယ်။ ကျွန်တော်တို့ ၀ှီးချဲတွေက ဘေးကိုကားပြီး အရမ်းကြီးနေတော့ ဒါကိုထိန်းနေရတာနဲ့တင် အလုပ်ရှုပ်နေတယ်”ဟု ၀ှီးချဲဘတ်စကက်ဘောအသင်းခေါင်းဆောင် ကိုမျိုးသိန်းကပြောသည်။
ကိုမျိုးသိန်းက သွေးကြောမျှင်လေးများ ပြတ်တောက်သည့် ရောဂါတစ်ခုဖြင့် ခြေထောက်နှစ်ဖက် ဖြတ်ထားရသူဖြစ်သည်။ မသန်စွမ်းဖြစ်ခဲ့သည်မှာ ၁၃ နှစ်ရှိခဲ့ပြီး ထိုမတိုင်မီကတည်းက တိုက်ကြီးမြို့နယ်မှ ဘော်လီဘောအားကစားသမားတစ်ဦးဖြစ်သည်။ မသန်စွမ်းဖြစ်သော်လည်း ဝါသနာပါရာအားကစားကို ရသည့်နည်းဖြင့် ဆက်လက်ကစားနေခဲ့သည်။
၀ှီးချဲဘက်စကက်ဘောအားကစားနည်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးထည့်သွင်းကျင်းပခြင်း ဖြစ်သည်။ ထို့အတူပင် ဂိုးလ်ဘောကစားနည်းကိုလည်း မြန်မာက ပထမဆုံးထည့်သွင်းကစားခဲ့သည်။ ယခုမှစတင်ကစားကြရသည့်အတွက် စတုတၳနေရာသာရရှိခဲ့ပြီး ဆုတံဆိပ်များနှင့် လွဲချော်ခဲ့ရသည်။ “ဂိုးလ်ဘောက မလေးရှားက အကောင်းဆုံးပဲ”ဟု ဂိုးလ်ဘောပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌကဆိုသည်။
မြန်မာနိုင်ငံ မသန်စွမ်းအားကစားသမားအများစုကို စီးပွားကူးသန်း၀န်ကြီးဌာန၊ လယ်/ဆည်၀န်ကြီးဌာန စသည်တို့က ၀န်ထမ်းများအဖြစ် ခန့်အပ်ထားကြသည်။ ၀န်ကြီးဌာန၀န်ထမ်းများဖြစ်သော်လည်း လုပ်ငန်းခွင်၀င်စရာမလိုဘဲ တချို့က နေ့စားအဖြစ်၊ တချို့က လခစားအဖြစ် အသီးသီးရှိနေကြသည်။ သူတို့တာ၀န်မှာ နိုင်ငံ့အတွက် အားကစားဖြင့် မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်ရန်ဖြစ်သည်။ အားကစားပွဲတွင် ဆုတံဆိပ်ရရှိပါက နေ့စား၀န်ထမ်းမှ လခစားအဖြစ် ရာထူးတိုးပေးလေ့ရှိပြီး သူတို့ကလည်း လခစားဖြစ်ရန် မျှော်လင့်ထားကြသည်။
ဘော်လီဘောအားကစားအသင်းမှ အများစုသော ကစားသမားများမှာ တပ်မတော်စစ်မှုထမ်းဟောင်းများ ဖြစ်ကြသည်။ သူတို့အထဲတွင် ဗိုလ်ကြီးအဆင့်မှ တပ်ကြပ်ကြီးအဆင့်ထိ ပါ၀င်ကြသည်။ အများစုမှာ ရှေ့တန်းတွင် တာ၀န်ထမ်းဆောင်ရင်း မိုင်းဒဏ်၊ ဗုံးဒဏ်ကြောင့် ခြေပြတ်လက်ပြတ် ဖြစ်ခဲ့ရသူများဖြစ် သည်။
(၇)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသည် ယခုနှစ်မှ အိမ်ရှင်အဖြစ် စတင် လက်ခံကျင်းပခြင်း ဖြစ်သည့်အတွက် ပြည်သူများ သိရှိမှုနည်းပါးနေခဲ့သည်။ သို့သော်လည်း ပရိသတ် စိတ်၀င်စားမှုများပြားသည့် ပြိုင်ပွဲများလည်းရှိခဲ့သည်။ မျက်စိကိုစည်း၍ ဘောလုံးကိုချူဆွဲကာ အသံနား ထောင်၍ ယှဉ်ပြိုင်ရသည့် မျက်မမြင်ဘောလုံးပွဲစဉ်များမှာလည်း လက်ခုပ်သံမစဲခဲ့။ ခြေထောက် မသန်သူများ မြေပေါ်လှဲအိပ်၍ ဂိုးသွင်းဂိုးဖမ်းသည့် ဂိုးလ်ဘောပွဲမှာလည်း အားပေးသူများခဲ့သည်။ ဘော်လီဘောအားကစားပွဲတွင်လည်း အားပေးသူပြည့်ခဲ့သည်။
အာဆီယံနိုင်ငံအသီးသီးမှ အားကစားသမားများသည်လည်း စိတ်ပျက်အားငယ်မှုမရှိ၊ ၀မ်းနည်းမှုမရှိ တက်ကြွပျော်ရွှင်စွာ ပြိုင်ပွဲ၀င်ပြိုင်ခဲ့ကြသည်။
မွေးရာပါမသန်စွမ်းသည့် ကိုသန့်ဇင်က “မသန်စွမ်းညီအစ်ကိုမောင်နှမတွေ ကြိုးစားကြပါ။ မသန်ပေမယ့်၊ မလုပ်နိုင်ပေမယ့် ကိုယ်နိုင်တဲ့၀န်ကိုထမ်းကြပါလို့ ပြောချင်ပါတယ်”ဟု အားပေးစကားဆိုသည်။
အားကစားပြိုင်ပွဲကြီးအပြီးတွင် အင်ဒိုနီးရှားနိုင်ငံက ပထမ၊ ဗီယက်နမ်နိုင်ငံက ဒုတိယ၊ ထိုင်းနိုင်ငံက တတိယ၊ မလေးရှားနိုင်ငံက စတုတၳရရှိခဲ့ပြီး မြန်မာနိုင်ငံက အဆင့်ငါးနေရာတွင် ရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံမှ မသန်စွမ်းကစားသမားများက ရွှေတံဆိပ် ၃၄ ခု၊ ငွေတံဆိပ် ၂၆ ခုနှင့် ကြေးတံဆိပ် ၃၆ ခုကို ရယူပေးနိုင်ခဲ့သည်။
နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ သက်ဆိုင်ရာအားကစားရုံများ၌ ၀ှီးချဲတွန်း၍ သွားလာနေသံများ တဂျစ်ဂျစ်နှင့်ဆူညံနေသည်။ ချိုင်းထောက်ဖြင့် သွားလာသံတဂျောက်ဂျောက်က စည်းချက်မှန်မှန်ထွက်နေသည်။ သက်ဆိုင်ရာနိုင်ငံအဖွဲ့များက ဘာသာစကားအစုံဖြင့် ကိုယ့်အသင်းသားများကို အော်ဟစ်အားပေးသံများ ပွက်လောရိုက်နေသည်။ ရွှေတံဆိပ်ရရှိသွားသည့် နိုင်ငံများအလိုက် နိုင်ငံတော်သီချင်းများလည်း မကြာခဏထွက်ပေါ်လာသည်။
မသန်စွမ်းသူအချင်းချင်း ဖေးမကူညီရင်း အားကစားစိတ်ဓာတ်နှင့် ချစ်ကြည်ရင်းနှီးမှုကို မြင်တွေ့ရသည်။ တစ်နေရာမှတစ်နေရာသို့ ၀ှီးချဲကိုယ်စီဖြင့် သွားလာနေကြသည့် အာဆီယံကစားသမားများသည် မျက်နှာချင်းဆိုင်မိပါက မသန်စွမ်းသူအချင်းချင်း စိတ်ပါလက်ပါ နှစ်လိုဖွယ်ပြုံးပြနှုတ်ဆက်ကြသည်။ အားကစားရုံများအတွင်း နွေးထွေးမှုတစ်ခု ပျံ့လွင့်လျက်ရှိသည်။
ပြိုင်ပွဲများအပြီးတွင် ရေကူးအားကစားနည်းဖြင့် ရွှေတံဆိပ်နှစ်ခုရယူသွားခဲ့သည့် ကိုအောင်ငြိမ်းဦး တစ်ယောက် ရုပ်သံနှင့် ဂျာနယ်သတင်းထောက်တို့ရှေ့တွင် ဓာတ်ပုံအရိုက်ခံလျက်ရှိသည်။ သူက ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်ပြီး ဓာတ်ပုံအရိုက်ခံနေရင်းမှပင် ပိုလီယိုအကြောဆွဲသည့်ပုံစံများပြုလုပ်ပြ၍ မျက်နှာပြောင်လိုက်သေးသည်။
“မိဘမဲ့ကျောင်းမှာနေရတော့ အဲဒီမှာမနေချင်တော့ဘူး။ အခုလို အမြဲထပ်ကြိုးစားမယ်။ ဆုတွေယူပြီး ရရှိလာတဲ့ငွေတွေစုပြီး မြေကွက်လေးတစ်ကွက်၀ယ်မယ်။ ကိုယ့်လိုမိဘမဲ့တွေကို ပြန်လှူမယ်”ဟု အောင်ငြိမ်းဦးက သူရည်မှန်းထားသည့်အတွေးကို ပြောပြသည်။
လွန်ခဲ့သည့် ၂၂ နှစ်ကာလက ဘူတာတွင် ခြေသလုံးအိမ်တိုင်နေထိုင်ပြီး ရထားတွဲများပေါ် ကျင်လည်ကျက်စားခဲ့ကာ ပတ်၀န်းကျင်က ဆိုးသွမ်းသူဟု သတ်မှတ်ခံခဲ့ရသည့် လူငယ်လေးတစ်ဦးသည် ယနေ့အချိန်မှာတော့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတစ်ဦးအဖြစ် ဘ၀ကိုရပ်တည်နေပါပြီ။
အောင်ငြိမ်းဦးလိုပင် မသန်စွမ်းအားကစားသမားအားလုံးသည် နောက်ခံအကြောင်းအရ၊ ဘ၀ပေးအခြေအနေအရ ကြမ်းတမ်းခက်ခဲစွာဖြင့် ဖြတ်သန်းလာခဲ့ရသူများဖြစ်သည်။ မသန်စွမ်းဘ၀ကို စိတ်မပျက်၊ အားမငယ်ဘဲ ဇွဲလုံ့လဖြင့် ကြိုးစားခဲ့ကြသဖြင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအဖြစ် ရပ်တည်ခွင့်ရရှိလာကြသူများဖြစ်သည်။
မသန်စွမ်းအားကစားပြိုင်ပွဲကျင်းပရာ အားကစားရုံအသီးသီးတွင် ချိတ်ဆွဲထားသော ဆောင်ပုဒ်များလိုပင် “မသန်သော်လည်း စွမ်းပါသည်၊ နိုင်ငံ့ဂုဏ်ကို မြှင့်တင်မည်”၊ “မသန်လည်းလူ၊ သန်လည်းလူ၊ စွမ်းဆောင်မှုသာအဓိက” ဖြစ်ပါသည်။
ဟိုးအရင်က နိုင်ငံအတွက် ရွှေတံဆိပ်တွေ၊ ဆုတံဆိပ်တွေ တစ်ပုံတစ်ပင် ဆွတ်ခူးပေးခဲ့တဲ့ မသန်စွမ်းရေကူးချန်ပီယံ ကိုအောင်ငြိမ်းဦးတစ်ယောက်…
အခုတော့ တကယ် ရင်နာစရာကောင်းတဲ့ အဖြစ်မျိုးနဲ့ ကြုံနေရတယ်။
ကိုယ့်အမေကို လုပ်ကျွေးဖို့ဆိုပြီး တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ပလပ်စတစ်ဘူးခွံ (ပလုံ) တွေ လိုက်ကောက်နေရရှာတာဗျ။
သူ့ရဲ့ အားကစားသမားဘဝတုန်းကဆိုရင် နိုင်ငံကို ကိုယ်စားပြုပြီး ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တာလေ။
ရွှေတံဆိပ် (၅) ခုတောင် ရခဲ့သလို၊ အာရှကြေးတံဆိပ် (၂) ခု၊ အာဆီယံငွေတံဆိပ် (၂) ခုနဲ့ ကြေးတံဆိပ် (၁) ခုအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ရှင် တစ်ယောက်ပေါ့။
ဒါပေမဲ့ အဲဒီလို ဂုဏ်ယူစရာ အတိတ်တွေနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတဲ့ လက်ရှိဘဝမှာတော့ အမေ့ကို ပြုစုဖို့အတွက် ပလုံကောက်တဲ့အလုပ်ကို လုပ်နေရတယ်။
တစ်နေ့ကိုမှ ၁၅,၀၀၀ ကျပ်လောက်ပဲ ဝင်ငွေရတာဆိုတော့ ဘဝကို အလွန်တရာ ကျပ်တည်းစွာ ဖြတ်သန်းနေရရှာတယ်။
အဲဒီလို ခက်ခဲပင်ပန်းတဲ့ ဒုက္ခတွေကြားထဲမှာတောင် သူက စိတ်မဓာတ်ကျဘဲ “လုံ့လဝီရိယ မရှိရင် လူကဘယ်တော့မှ မတိုးတတ်ဘူး” ဆိုတဲ့ ဆောင်ပုဒ်ကိုပဲ ရင်မှာပိုက်ပြီး ဆက်လျှောက်လှမ်းနေဆဲပါပဲ။
နိုင်ငံရဲ့ ဂုဏ်ကို မြှင့်တင်ပေးခဲ့ဖူးပြီး အမေ့အတွက် ရုန်းကန်နေရတဲ့ ဒီလိုအားကစားသမားကောင်းတစ်ယောက်ကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီချင်တယ်ဆိုရင်တော့ 09-250052854 နဲ့ 09-92939131 ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။



Leave a Reply