မိတ္ထီလာတွင် အငှားယာဥ်မောင်းအား သေနတ်ဖြင့်ပစ်ပြီး ကားလုသွားသည့် ရဲအရာရှိကို ဖမ်းမိ
နေပြည်တော် အငှားယာဥ်ဝန်ဆောင်မှုလုပ်ငန်းက ယာဥ်မောင်းဖြစ်သူကို သေနတ်နဲ့ပစ်သတ်ပြီး ကားလုသွားတဲ့ လူကုန်တား ရဲအရာရှိတယောက်ကို စက်တင်ဘာ ၇ ရက်မှာ ဖမ်းမိခဲ့တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မိတ္ထီလာမြို့မှာ အငှားယာဥ်မောင်း ကိုဝင်းကို,ကို သေနတ်နဲ့ပစ်သတ်ပြီး ကားလုသွားတဲ့ လူကုန်တား ရဲတပ်ဖွဲ့က ရဲအရာရှိ ရဲရင့်အောင်ကို မနေ့မနက် အစောပိုင်းက ဘောဂသီရိအဝိုင်းမှာ ဖမ်းမိခဲ့တာလို့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။
“နေပြည်တော်က အငှားယာဥ်မောင်းကို သေနတ်နဲ့ပစ်ပြီး ကားလုသွားတာ တခြားသူမဟုတ်ဘူး၊ လူကုန်တားအဖွဲ့က ရဲအရာရှိ၊ အခင်းဖြစ်တဲ့နေ့က သူ့ကောင်မလေးရှိတဲ့ မိတ္ထီလာသွားရင်း လမ်းမှာ လုသွားတာ။ လုပြီး ဂိတ်တွေက အရမ်းစစ်နေတော့ ကားကို တနေရာမှာထားပြီး နေပြည်တော်ထဲ ပြန်ဝင်လာတဲ့အချိန် ဘောဂသီရိအဝိုင်းနားမှာ မိတာ။”
စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲက ရဲအရာရှိ ရဲရင့်အောင်ဆိုသူဟာ နေပြည်တော် မြို့မစျေးကနေ မိတ္ထီလာကို ၄ သိန်းနဲ့ ကားငှားခဲ့ပြီး မိတ္ထီလာမြို့အဝင် ကန်ကြီးကုန်းကျေးရွာအနီးမှာ ခြောက်လုံးပြူးသေနတ်နဲ့ ပစ်သတ်ပြီး ကားလုသွားတာလို့ သူက ဆိုပါတယ်။
ဖမ်းဆီးခံရသူမှာ မကြာသေးမီက သင်တန်ဆင်းလာတဲ့ ဒုရဲအုပ်တယောက်ဖြစ်ပြီး လူကုန်ကူးမှု နှိမ်နင်းရေးတပ်ဖွဲ့က ဒုရဲအုပ်တယောက်ဖြစ်တယ်လို့ Non CDM ဝန်ထမ်းတယောက်က ပြောပါတယ်။
“မိတ္ထီလာမှာ ယာဥ်မောင်းကို သေနတ်နဲ့ပစ်သတ်ပြီး ကားလုသွားတာ လူကုန်တားအဖွဲ့က ဒုရဲအုပ်ပါ။ သင်တန်းဆင်းပြီး နေပြည်တော်ရောက်လာတာ မကြာသေးဘူး။ အခု အမှတ် ၃ ရဲစခန်းမှာ စစ်နေတယ်။”
လုယက်မှုကျူးလွန်သူဟာ ရဲအရာရှိတယောက်ဖြစ်ကြောင်း သတင်းအရင်းအမြစ်တွေနဲ့ ရဲအသိုင်းအဝိုင်းက ပြောဆိုမှုတွေ ရှိနေပေမဲ့ စစ်အာဏာရှင်တပ်နဲ့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ရဲရင့်အောင်ကို မိတ္ထီလာမြို့မရဲစခန်းက (ပ) ၁၄၉/၂၀၂၆၊ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက မိတ္ထီလာမြို့နယ်မှာ ကားနဲ့ ဆိုင်ကယ် လုယက်မှုတွေ နှစ်စဥ် ဖြစ်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ ပြစ်မှုကျူးလွန်သူတွေ အနည်းငယ်သာရှိပြီး အများစုကိုတော့ ဖမ်းဆီး ရမိတာ မရှိဘူးလို့ မြို့ခံတွေဆီက ပြောပါတယ်။



Leave a Reply