အုတ်တွင်းမြို့ ဈေးအတွင်း သင်္ကန်းဝတ်ဖြင့် အလှူခံနေသူ အမျိုးသားအား သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ဈေးအတွင်း သင်္ကန်းဝတ်ဆင်ကာ အလှူခံနေသူ အမျိုးသားတစ်ဦးကို မြို့နယ်သာသနာရေးဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဖမ်းဆီးပြီး သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ဖြင့် တရားစွဲဆိုခဲ့ရာ စက်တင်ဘာ ၈ ရက် ရုံးချိန်းတွင် အုတ်တွင်းမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက်နေ့က အုတ်တွင်းမြို့ဈေးအတွင်း သင်္ကန်းဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး အလှူခံနေသည်ကို တွေ့ရှိသဖြင့် အုတ်တွင်းမြို့နယ် သာသနာရေးဆိုင်ရာ ထိန်းသိမ်းရေးအဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးနေစဉ် အဆိုပါအမျိုးသားက လူအများရှေ့တွင် တာဝန်ရှိသူများကို ပြန်လည်ရန်ပြုထိုးနှက်ခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းကာ ဆက်လက်စစ်ဆေးခဲ့ကြောင်း အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့ထံမှ သိရသည်။

ဆက်လက်စစ်ဆေးရာတွင် ၎င်းသည် သံဃာတော်အဖြစ် သာသနာ့ဘောင်ဝင်ရောက်နေထိုင်သူမဟုတ်ဘဲ သင်္ကန်းဝတ်ဆင်ကာ အလှူခံနေသူဖြစ်ကြောင်းနှင့် ထောင်မှလွတ်မြောက်ထားသည့် အထောက်အထားပါရှိပြီး ဖမ်းဆီးစဉ် အလှူခံရရှိထားသည့် ငွေကျပ် ၁၂၅,၆၀၀ ကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့ထံ အပ်နှံကာ ဈေးရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ သက်သေများနှင့် တရားခံအား စစ်ဆေးပြီးနောက် အုတ်တွင်းမြို့နယ်တရားသူကြီးက သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းကြောင်း သိရသည်။

“သာသနာဆိုတာ သာလာယံဇရပ် မဟုတ်ပါဘူး။ နောက်ပိုင်းမှာလည်း အလှူခံလိမ်တွေ၊ သင်္ကန်းဝတ်နဲ့ မူးရူးနေတာတွေ၊ အများပြည်သူအမြင် မတင့်တယ်ဘဲ နေအိမ်တွေမှာ ရက်ရှည်နေထိုင်တာတွေ၊ မာတုဂါမနဲ့ မသင့်တော်တဲ့ နေထိုင်နည်းတွေကိုပါ အကုန်စိစစ်အရေးယူသွားမှာပါ။ ကျောင်းထိုင်/ကျောင်းပိုင်တွေ ဖြစ်နေရင်လည်း တိုင်ကြားသူရှိရင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးထံ တင်ပြပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားပါမယ်” ဟု အုတ်တွင်းမြို့နယ် သာသနာထိန်းသိမ်းရေးအဖွဲ့မှ အရှင်တေဇသီရိ (သဒ္ဓမ္မဇောတိကဓဇ – ရင်ခုန်သံဆရာတော်) က မိန့်ကြားသည်။
ယခုဖြစ်စဉ်တွင် တာဝန်ရှိသူများအား ပြန်လည်ရန်ပြုခြင်းနှင့် ယခင်ထောင်ကျဖူးသူဖြစ်ခြင်းတို့ကြောင့် ထိရောက်စွာ အရေးယူရန်လိုအပ်ခဲ့ပြီး အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရန် စံပြအရေးယူမှုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ထို့အပြင် သင်္ကန်းဝတ်ဆင်ထားသူများအနေဖြင့် သာသနာ့ဝိနည်းနှင့်အညီ နေထိုင်ရေး၊ ကျောင်းထိုင်ကျောင်းပိုင် ဆရာတော်များအနေဖြင့် မိမိတို့၏ တပည့်ရဟန်းများအား စနစ်တကျ ဆုံးမသွန်သင်ပေးရေးတို့ လိုအပ်ကြောင်း၊ သင်္ကန်းဝတ်ဆင်ကာ အလှူခံခြင်း၊ မူးယစ်သောက်စားခြင်း၊ အများပြည်သူအမြင်မတင့်လျောက်ပတ်သည့် နေထိုင်မှုများနှင့် သာသနာ့ဝိနည်းနှင့် မသင့်လျော်သည့် အပြုအမူများကို တိုင်ကြားမှုရှိပါက မြို့နယ်သံဃနာယကအဖွဲ့ထံ တင်ပြ၍ ညွှန်ကြားချက်နှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့ဘက်က သတိပေးထားကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက်နေ့ကလည်း အုတ်တွင်းမြို့နယ်အတွင်း လှည့်လည်၍ အလှူခံလုပ်စားနေသည့် အဖွဲ့မှ လူ ၈ ဦးကို အုတ်တွင်းမြို့နယ်တရားရုံးက လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် ထောင်ဒဏ် ၃ လ ပြစ်ဒဏ်အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။



Leave a Reply