ကျောင်းမှာ စာတော်ပြီး ဆုတံဆိပ်တွေရထားတဲ့ အသက် ၁၉ နှစ်အရွယ် ပထမနှစ် ကျောင်းသူလေးတစ်ဦးဟာ Call Centre လူလိမ်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပါတယ်။
ရက်စက်လွန်းတဲ့ လိမ်လည်လှည့်ဖြားပုံ နည်းလမ်း –
၁။ ဌာနဆိုင်ရာ ဟန်ဆောင်ခြင်း: လူလိမ်ဂိုဏ်းဟာ ပညာရေးဝန်ကြီးဌာနကပါဟု ဟန်ဆောင်ပြီး ကျောင်းသူလေးဆီ ဖုန်းဆက်ခဲ့ပါတယ်။
၂။ စိတ်ဓာတ်ရေးရာ ခြိမ်းခြောက် စွပ်စွဲခြင်း: ကျောင်းသူလေးကို “နင်ဟာ မရိုးမသားနဲ့ ဆုတံဆိပ်တွေ လိမ်လည်ရယူထားသူ ဖြစ်တယ်” ဟု စွပ်စွဲခဲ့ပြီး၊ ရဲအင်္ကျီအပြည့်အစုံ ဝတ်ဆင်ထားတဲ့ ရဲအယောင်ဆောင်တွေနဲ့ ယုံကြည်အောင် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
၃။ အဆက်အသွယ် ဖြတ်တောက်စေခြင်း: ပြစ်မှုမရှိကြောင်း အတည်ပြုဖို့အတွက် ခိုင်းတာမှန်သမျှ လုပ်ရမည်၊ လုပ်ဆောင်နေစဉ်အတွင်း မည်သူ့ကိုမျှ မပြောရန်နှင့် သတင်းပေါက်ကြားပါက တရားစွဲ ထောင်ချမည်၊ ဘဝပျက်သွားမည် ဟု အကြောက်တရားသွင်းကာ မိဘများနှင့်ပါ အဆက်အသွယ် ဖြတ်တောက်စေခဲ့ပါတယ်။
ကြောက်လန့်သွားခဲ့တဲ့ ကျောင်းသူလေးဟာ အခြေအနေကို အဟုတ်ထင်ပြီး မိဘတွေကိုလည်း မပြောရဲဘဲ ခိုင်းသမျှ ပိုက်ဆံတွေ လွှဲပေးခဲ့တာ ဘတ် ၈ သိန်း (800,000 THB) အထိ ရှိသွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ လူလိမ်ဂိုဏ်းက ဘတ် ၁ သန်းကျော်အထိ တိုးတက် ငွေညှစ်လာချိန်မှာ ပိုက်ဆံလည်း မရှိတော့ဘ ကြောက်ရွံ့ စိတ်ဆင်းရဲမှုတွေကြောင့် ကျောင်းသူလေးမှာ စိတ်ထွက်ပေါက်ရှာချင်သည်အထိ အရူးတစ်ပိုင်း ဖြစ်သွားခဲ့ရပါတယ်။
ကံကောင်းစွာဖြင့် ရဲတပ်ဖွဲ့မှ အချိန်မှီ ကယ်တင်နိုင်ခဲ့ –
ကျောင်းသူလေး တိုက်ခန်းထဲမှာ တုန်လှုပ်စကားပင် မပြောနိုင်တော့ဘ ကြောက်လန့်နေချိန်မှာပဲ အကူအညီရရှိခဲ့တဲ့ ရဲတပ်ဖွဲ့က တိုက်ခန်းသို့ အမြန်လိုက်သွားပြီး –
“ဦးတို့ သမီးကို လာကယ်တာပါ၊ သမီး အလိမ်ခံနေရတာပါ၊ လူ ဘာမှမဖြစ်လို့ ကံကောင်းသွားပြီ” ဟု စိတ်အေးအောင် အားပေးကာ လိမ်လည်လှည့်ဖြားခံရပုံကို ဖြည်းဖြည်းချင်း ရှင်းပြပေးခဲ့ပါတယ်။
အခြေအနေကို သိရှိပြီး လိုက်လာတဲ့ အမေဖြစ်သူကလည်း သမီးကို နားလည်ပေးကာ မဆူပူဘဲ ဖက်တွယ် အားပေးခဲ့တဲ့အခါမှ ကျောင်းသူလေးမှာ ဝမ်းနည်းပူဆွေးစွာဖြင့် ငိုကြွေးကာ စိတ်သက်သာရာ ရရှိခဲ့ပါတယ်။
📢 သတိပေးချက်နှင့် မှာကြားချက် –
လက်ရှိအချိန်တွင် Call Centre လူလိမ်ဂိုဏ်းများသည် လူငယ်များနှင့် အသက်ကြီးပိုင်းများကို အဓိက ပစ်မှတ်ထား လိမ်လည်နေကြပါသည်။
မိဘများအနေဖြင့် မိမိတို့ သားသမီးများ၏ မသင်္ကာဖွယ် မူမမှန်သည့် အပြုအမူများကို အနီးကပ် စောင့်ကြည့်ပေးကြပါရန်နှင့် အလားတူ လိမ်လည်စိစစ်မှုများ၊ ခြိမ်းခြောက်မှုများ ကြုံတွေ့ရပါက ထိုင်းနိုင်ငံအတွင်း အရေးပေါ်ဖုန်း 1441 သို့ ချက်ချင်း ဆက်သွယ်အကူအညီ တောင်းခံကြပါရန် သတိပေး နှိုးဆော်အပ်ပါသည်။



Leave a Reply