မင်းအောင်လှိုင်နှင့် စစ်အရာရှိများအပေါ် အာဂျင်တီးနားနိုင်ငံ တရားရုံးက ထုတ်ထားသော ဖမ်းဝရမ်း ၂၅ ခုကို နိုင်ငံတကာက ဖမ်းဆီးပေးရန် ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြ
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အရာရှိများအပေါ် အာဂျင်တီးနားတရားရုံးက ထုတ်ပြန်ထားသော ဖမ်းဝရမ်း ၂၅ ခုကို နိုင်ငံတကာအသိုက်အဝန်းက လက်တွေ့အကောင် အထည်ဖော် ၍ ဖမ်းဆီးအရေးယူပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် Burmese Rohingya Organization UK (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က တင်ပြတောင်းဆိုလိုက်သည်။
စက်တင်ဘာလ ၇ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၆၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေးသည့် Enhanced Interactive Dialogue အတွင်း ဦးထွန်းခင်က ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အာဂျင်တီးနားနိုင်ငံတွင် BROUK က universal jurisdiction အခြေခံဖြင့် တင်သွင်းခဲ့သည့် အမှုမှတစ်ဆင့် ထုတ်ပြန်ခဲ့သော ဖမ်းဝရမ်း ၂၅ ခုတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်မှ အရာရှိများ ပါဝင်ကြောင်း BROUK က ပြောဆိုသည်။
ထို့ကြောင့် အာဂျင်တီးနားတရားရုံးက ထုတ်ပြန်ထားသော မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အရာရှိများအပေါ် ဖမ်းဝရမ်း ၂၅ ခုကို စာရွက်ပေါ်တွင်သာ ရှိနေစေခြင်းမပြုဘဲ သက်ဆိုင်ရာနိုင်ငံများက နိုင်ငံ တကာတရားမျှတမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို လေးစားလိုက်နာကာ ဖမ်းဆီးအရေးယူမှုများအထိ လက်တွေ့ဆောင်ရွက်ပေးရန် BROUK က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“တရားရုံးဆုံးဖြတ်ချက်တွေကို လေးစားအကောင်အထည်ဖော်ရမယ်။ ဖမ်းဝရမ်းထုတ်ထားရင် ဖမ်း ဆီးမှုတွေအထိ ဖြစ်လာရမယ်” ဟု BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ကုလသမဂ္ဂအစည်းအဝေးတွင် အလေးပေးပြောဆိုသည်။
နိုင်ငံတကာတရားမျှတမှုရရှိရေး လုပ်ငန်းစဉ်များသည် အချိန်ကြာမြင့်နိုင်သော်လည်း ရိုဟင်ဂျာများအနေဖြင့် ထပ်မံစောင့်ဆိုင်းရန် အချိန်မရှိတော့ကြောင်းလည်း ၎င်းက သတိပေးပြောဆိုသည်။
“နှစ်ပေါင်းများစွာကြာပြီးမှ တရားမျှတမှုရလာတာဟာ ရိုဟင်ဂျာတွေ မကျန်တော့ဘူးဆိုရင် အဓိပ္ပာယ်မရှိတော့ပါဘူး။ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ပျောက်ကွယ်သွားခွင့်ပေးပြီးမှ နောက်ပိုင်းမှာ တရားမျှတမှုရမယ်လို့ ကတိပေးလို့ မရပါဘူး။ လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်ဖို့၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့နဲ့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ မွေးရပ်မြေမှာ အနာဂတ်ရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက အခုပဲ လက်တွေ့အရေးယူရမယ်” ဟု ဦးထွန်းခင်က တိုက်တွန်းခဲ့သည်။
ယင်းကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Türk ကလည်း မြန်မာနိုင်ငံတွင် ဆိုးရွားလာနေသော လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
Volker Türk က မြန်မာစစ်တပ်ထံ လက်နက်၊ ခဲယမ်းမီးကျောက်၊ ဂျက်လေယာဉ်ဆီနှင့် လူ့အခွင့် အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေများ ချိုးဖောက်ရာတွင် အသုံးပြုနိုင်သည့် ပစ္စည်းများ လွှဲပြောင်းပေးပို့မှုကို ရပ်တန့်ရန် နိုင်ငံများအား တိုက်တွန်းခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတစ်ခုလုံးတွင် ဖြစ်ပွားနေသည့် နိုင်ငံတကာရာဇဝတ်မှုများကို စုံစမ်းအရေးယူနိုင်ရေးအတွက် မြန်မာ့အခြေအနေတစ်ခုလုံးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်လည်း ထပ်မံတောင်းဆိုခဲ့သည်။
BROUK ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဦးဆောင်ရေးဆွဲတင်သွင်းသည့် အခန်းကဏ္ဍရှိသော ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအခြေအနေကို ICC သို့ လွှဲပြောင်းနိုင်ရေးအတွက် လုံခြုံရေးကောင်စီအတွင်း ဦးဆောင်ကြိုးပမ်းပေးရန် တောင်းဆိုခဲ့သည်။
BROUK က ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားမျှတမှုရရှိရေးသည် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားရုံးများ၏ ဆုံးဖြတ်ချက်များနှင့် ဖမ်းဝရမ်းများကို လက်တွေ့အကောင်အထည်ဖော်ခြင်းမရှိပါက ပြစ်ဒဏ်ကင်း လွတ်ခွင့်များ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ထောက်ပြထားသည်။



Leave a Reply