ရန်ကုန်ရှိ ကလပ်နဲ့ ဘားတွေမှာ နေခြည်ဦးရဲ့ ဖခင် စစ်ဗိုလ်ချုပ်ဟောင်း မျိုးမြင့်စိန်ရဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှု ပိုမိုမြင့်တက်လာ
ရန်ကုန်မြို့ရှိ ကလပ်နဲ့ ဘားတွေအတွင်း လူငယ်တွေကို ပစ်မှတ်ထားပြီး စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် နေခြည်ဦးရဲ့ ဖခင် ဦးမျိုးမြင့်စိန်ရဲ့ Hi ခန်းတွေအတွင်း Happy Water၊ အတ်စတစီ (E) ၊ ကတ်တမင်း (K) စတဲ့ မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးမှုဟာ ပုံမှန်ထက် ထက်ဝက်ကျော် ပိုမိုလာတယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်းဆီကနေ စုံစမ်းသိရှိရပါတယ်။
အဆိုပါ မူးယစ်ဆေး ဖြန့်ဖြူးမှုတွေကို ဦးမျိုးမြင့်စိန်ရဲ့ ကားဒရိုင်ဘာ ဘိတ်သားက ဦးစီးဖြန့်ဖြူးပေးနေတာ ဖြစ်ပြီး ကလပ်နဲ့ ဘားတွေမှာရှိတဲ့ မန်နေဂျာတွေကတစ်ဆင့် လူငယ်တွေဆီ ဈေးကွက်ဖောက်ကာ Yangan Bar နဲ့ Sky Way Club တို့မှာ ပင်မသွေးကြောလို ဈေးကွက်ပင်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် မြို့နယ်အသီးသီးဆီ အကြွေးစနစ်နဲ့ပါ ဖြန့်ဖြူးပေးနေတယ်လို့ ဆိုပါတယ်။
အကြွေးစနစ် ဖြန့်ဖြူးမှုကို ကလပ်နဲ့ ဘား မန်နေဂျာက တာဝန်ယူရပြီး ငါးရက်တစ်ကြိမ် ငွေရှင်းရတဲ့ စနစ်နဲ့ သွားရပါတယ်။ ပက်ကေ့အလိုက် ချစ်ကြေးလို့ ဆိုကာ ဇစ်ပိတ်အိတ်နဲ့ ရောင်းချမှုတွေပါ ရှိနေပြီး ပေါက်ဈေးအလိုက် အမြတ်ပေးကာ လူရှာခိုင်းမှုတွေပါ ပြုလုပ်နေကြောင်း သိရပါတယ်။
“လက်ရှိမှာ Sky Way ဆိုရင်လည်း ဘိတ်သားပဲ ပစ္စည်းလာပို့တာ။ ဘိုးတော်က မလာဘူး၊ ခရီးထွက်နေတာများတယ်။ ပြန်လာရင် ပစ္စည်းတွေ ပါလာတယ်။ ဂိတ်တွေကို ဖြတ်ရင် စစ်တဲ့စက်တွေ သူတို့အချင်းချင်း ညှိပြီး ပိတ်တာရှိတယ်။
အဓိကတော့ စစ်အုပ်စုရဲ့ စားကျက်ပဲပေါ့။ တခါတလေဆို တခြား မှောင်ခိုပစ္စည်းတွေဆိုလည်း အဲ့လိုပဲ သယ်လာတယ်။ ဂိတ်နားရောက်ရင် ဂိတ်တွေက စစ်တဲ့စက်ကို ပိတ်ပေးတယ်။ ဘယ်လို အပေးအယူတွေ ရှိလဲတော့ မသိဘူးပေါ့ဗျာ” လို့ လက်ရှိ အဆိုပါ ဈေးကွက်အတွင်း လည်ပတ်နေသူတစ်ဦးဆီကနေ သိရပါတယ်။
ဦးမျိုးမြင့်စိန်ဟာ ခရီးက ပြန်လာတိုင်း သိန်း ၃၀ ပေးရတဲ့ VIP KTV တွေမှာ အခြား စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ လက်ရှိ အာဏာသိမ်း စစ်တပ် လက်အောက်ခံတွေနဲ့ တွေ့ဆုံပြီး လာဘ်ပေးလာဘ်ယူ ကိစ္စတွေ၊ တရားမဝင် ပစ္စည်း တင်သွင်းမှုတွေနဲ့ မူးယစ်ဆေးဝါး ရောင်းချမှု ကိစ္စတွေကို တစ်လတစ်ကြိမ် အကျိုးတူ တွေ့ဆုံမှု ပြုလုပ်တယ်လို့ AAMIJ က စုံစမ်းသိရှိရပါတယ်။
လက်ထောက်အဖြစ် ဖြန့်ပေးနေတဲ့ ဘိတ်သားဟာ အရင်က အဝေးပြေး ယာဉ်လိုင်းတွေမှာ ယာဉ်မောင်း လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ယာဉ်မတော်တဆမှုကြောင့် လိုင်စင် အသိမ်းခံရတာကြောင့် ဦးမျိုးမြင့်စိန်က ဒရိုင်ဘာအဖြစ် ခန့်အပ်ရာမှ လူရင်း ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ရွှေပြည်သာနဲ့ ရန်ကင်း ဘက်တွေမှာလည်း ကျင်လည်ပြီး မူးယစ်ဆေး ဖြန့်ဖြူးမှု၊ ကျားဖြန့် လုပ်ငန်းတွေနဲ့ပါ ဆက်စပ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။



Leave a Reply