မော်တော်ကား စုံရက်၊ မရက် ခွဲခြားမောင်းနှင်ရသည့်စနစ်ကို စစ်အာဏာရှင်အစိုးရ ပယ်ဖျက်
ရန်ကုန်မြို့မှာ မော်တော်ကားတွေ စုံရက်၊ မရက် ခွဲခြားမောင်းနှင်ရတဲ့ စနစ်ကို စစ်အာဏာရှင်အစိုးရက စက်တင်ဘာ ၉ ရက်မှာ ပယ်ဖျက်လိုက်တယ်လို့ စစ်အာဏာရှင်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက သူ့ရဲ့ လူမှုကွန်ရက်မှာ ကြေညာလိုက်ပါတယ်။
စုံ၊ မ စနစ်ကို ဖျက်သိမ်းလိုက်တယ် ဆိုပေမဲ့ နိုင်ငံတော်စွမ်းအင်လုံခြုံရေးအတွက် မော်တော်ယာဉ်တွေ စက်သုံးဆီဖြည့်တဲ့နေရာမှာတော့ QR ကိုတာ၊ စုံ၊ မ စနစ်ကို ဆက်လက်ထားရှိသွားမယ်လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခကြောင့် မော်တော်ယာဉ်တွေ စုံ၊ မ ခွဲခြားမောင်းနှင်ရတဲ့ စနစ်ကို ၂၀၂၆ ခုနှစ် မတ် ၇ ရက်မှာ စစ်အာဏာရှင်အစိုးရက ကြေညာခဲ့တာ ဖြစ်ပါတယ်။
မော်တော်ယာဉ် စုံ/မ မောင်းနှင်ရသည့်စနစ် ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ကြေညာ၊ ဆီဖြည့် QR Quota စနစ်ကိုမူ ဆက်လက်ကျင့်သုံးမည်
ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲများနှင့် အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများ၏ ရိုက်ခတ်မှုကြောင့် လပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် သွားရေးလာရေး အကျပ်အတည်းများကြားမှ ယာဉ်ပိုင်ရှင်များနှင့် ပြည်သူလူထု ရှည်လျားစွာ မျှော်လင့်စောင့်ဆိုင်းခဲ့ရသော သတင်းကောင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါသည်။
နိုင်ငံစွမ်းအင် လုံခြုံရေးနှင့် စက်သုံးဆီ ချွေတာရေးအတွက် မဖြစ်မနေ ကျင့်သုံးခဲ့ရသည့် မော်တော်ယာဉ် စုံရက်/မရက် ခွဲခြားမောင်းနှင်ရသော စနစ်ကို ယနေ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ စတင်ကာ တရားဝင် ပယ်ဖျက်ပေးလိုက်ပြီဖြစ်ကြောင်း သိရပါသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ စတင်ကာ စွမ်းအင်ထိန်းသိမ်းရေးအတွက် စုံ/မ စနစ်ဖြင့် မော်တော်ယာဉ်များကို ခွဲခြားမောင်းနှင်စေခဲ့ရာ ပြည်သူများအနေဖြင့် နေ့စဉ်ဘဝ သွားရေးလာရေးတွင် လပေါင်းများစွာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ခဲ့ကြရတာဖြစ်ပါသည်။
လက်ရှိတွင် နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခြေအနေများ ပြန်လည်တည်ငြိမ်စပြုလာပြီဖြစ်သဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားနှင့် လှုပ်ရှားသွားလာမှု အဆင်ပြေစေရန်အတွက် အဆိုပါ စုံ/မ မောင်းနှင်ရသည့် ကန့်သတ်ချက်ကို ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်းဒေါက်တာ ခိုင်ခိုင်စိုး(ဒုတိယဝန်ကြီး)၊ နိုင်ငံတော်သမ္မတရုံး ၏ ပြောရေးဆိုခွင့်ရှိသူ”ကြေပာဆိုသည်
သို့သော်လည်း နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေးကို ရေရှည်ထိန်းသိမ်းနိုင်ရန်နှင့် အများပြည်သူ အဆင်ပြေစေရန်အတွက် မော်တော်ယာဉ်များ စက်သုံးဆီ ဖြည့်တင်းသည့်အခါတွင်မူ QR Quota စုံ/မ စနစ်ကို မဖြစ်မနေ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရပါသည်။
ထို့ကြောင့် ယာဉ်မောင်းနှင်မှုကို လွတ်လပ်စွာ ပြုလုပ်နိုင်ပြီဖြစ်သော်လည်း ဆီဖြည့်တင်းရာတွင် မူလစနစ်အတိုင်း ဆက်လက်ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံထားပါသည်။



Leave a Reply