ဗိုလ်တထောင်မှာ အိမ်ရှင်ကိုသတ်သွားတဲ့ အိမ်အကူသားအမိကို ဖမ်းမိ

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၊ ၄၁ လမ်းက အိမ်ရှင်ကိုသတ်သွားတဲ့ တရားခံတွေဟာ အိမ်အကူသားအမိဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
အိမ်ရှင်ဖြစ်တဲ့ အသက်ကြီးပိုင်း အမျိုးသမီးတဦးတည်း အိမ်မှာရှိနေချိန် အိမ်အကူအသားအမိက အိမ်ရှင်ကို သတ်ပြီး ရွှေနဲ့ငွေတွေယူကာ ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာ ရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးရမိ စုံစမ်းစစ်ဆေးခဲ့ရာ ထွက်ပြေးသွားတဲ့ အိမ်အကူနဲ့ သမီးဖြစ်သူကို ဧရာဝတီတိုင်းမှာ မနေ့ကညနေပိုင်းက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
“သူတို့က မနေ့က ရန်ကုန်ကနေ ဧရာဝတီဘက်ကို ပြန်သွားတာ။ မနေ့က ညနေပဲ ကားဂိတ်မှာပဲဖမ်းလိုက်တယ်သိရတယ်။ ဒီကအိမ်ရှင်ကို ခေါင်းအုံးနဲ့ဖိသတ်ပြီး ပြေးတာ ငွေတွေကိုယူသွားတယ်သိရတယ် ။” လို့ လုံခြုံရေးတပ်ဖွဲ့နီးစပ်သူက ပြောပါတယ်။

အိမ်အကူက အိမ်ရှင်ကိုသတ်ဖြတ်တဲ့ ဖြစ်စဥ်ကြောင့် ရန်ကုန်မြို့နေပြည်သူတွေက အိမ်အကူခေါ်ရမှာကိုပင် စိုးရိမ်ထိတ်လန့်တယ်လို့ ပြောဆိုကြပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ဟော့ပေါ့ဆိုင်ထဲကို လူတစုက ဝင်ရောက်ပြီး ဆိုင်ရှင်ကို ဓားနဲ့တိုက်ခိုက်ကာ လုယက်မှုခဲ့တာကြောင့် ဆိုင်ရှင်အမျိုးသမီး ဒဏ်ရာရခဲ့ပြီး တရားခံတွေကို ဖမ်းမိခဲ့ပါတယ်။
သြဂုတ် ၂၈ ရက်နေ့ နညနေပိုင်းကလည်း ဗဟန်းမြို့နယ်၊ဆရာစံ(တောင်)ရပ်ကွက်က နေအိမ်တအိမ်မှာ အမျိုးသမီးတယောက် အသတ်ခံခဲ့ရပြီးတရားခံကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ခုနောက်ပိုင်း ရန်ကုန်မှာ နေအိမ်အတွင်း ဝင်ရောက်ပြီး အိမ်ရှင်ကိုသတ်ကာ ပစ္စည်းလုယက်မှုတွေ ၊ ခိုးယူတာတွေ ၊ ဓားပြတိုက်တာ ပိုအဖြစ်များလာတာကြောင့် မြို့နေလူထုက စိုးရိမ်နေကြပါတယ်။



Leave a Reply