ပုဇွန်တောင်မှာ ၉.၉.၂၀၂၆ ညဦးအစောပိုင်းအချိန်က မစင်ထုတ်တွေ လာပစ်သွားလို့ လမ်းမတစ်ခုလုံး ညစ်ပတ်ပြီး ဝမ်းရောဂါဖြစ်မှာကို စိုးရိမ်နေကြရ…

ရန်ကုန်၊ ပုဇွန်တောင်မှာ လူသွားလူလာများတဲ့ လမ်းမပေါ်ကို မစင်ထုတ်တွေ တမင်ရည်ရွယ်ချက်ရှိရှိ လာပစ်ချသွားကြတာကြောင့် ရွံစရာကောင်းပြီး ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။
အဲ့ဒီလို လမ်းပေါ်ပစ်ချထားခဲ့တာကို ဖြတ်သွားတဲ့ကားတွေက တက်ကြိတ်မိကြတော့ လမ်းမပေါ်မှာ မစင်တွေ အနှံ့ပြန့်ကျဲကုန်ပြီး အနံ့အသက်တွေကလည်း တစ်ဝိုက်လုံး ဆိုးဆိုးရွားရွားကြီး ဖြစ်နေပါတယ်။

အဲ့ဒီလို ဆိုးရွားနေတဲ့နေရာတွေကို ပုံထဲမှာပါတဲ့အတိုင်း လူမှုကယ်ဆယ်ရေးကားတွေနဲ့ ရေတွေသုံးပြီး လိုက်လံဆေးကြောသန့်စင်ပေးနေကြရပါတယ်။
အဲ့ဒီလို မစင်တွေကို စိမ်ပြေနပြေ အထုတ်တွေလုပ်ပြီး လာပစ်သွားတဲ့ပုံစံက ရိုးရိုးသားသား လုပ်တာမဟုတ်ဘဲ တမင်သက်သက်ကို ရည်ရွယ်ချက်ရှိရှိ လုပ်သွားကြတာပါ။

လူတွေကို ဝမ်းရောဂါလိုမျိုး ကူးစက်ရောဂါဆိုးတွေ ဖြစ်လာအောင် ရည်ရွယ်ချက်ကြီးကြီးနဲ့ ကြံစည်လုပ်ဆောင်သွားကြတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက အထူးစိုးရိမ်ပူပန်နေကြပါတယ်။
ရန်ကုန်တွင် မစင်ထုပ်များ လမ်းပေါ် ပစ်ချမှု ဖြစ်ပွားခဲ့

ရန်ကုန်တွင် မစင်ထုပ်များ လမ်းပေါ်ပစ်ချမှုဖြစ်ပွားခဲ့ပြီး လူမှုကူညီရေးအသင်းများက သန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ရန်ကုန်မြို့၊ အောက်ပုဇွန်တောင်လမ်းမပေါ်တွင် စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းက မစင်ထုတ်များ လမ်းပေါ် ပစ်ချမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ ဖြစ်တာက မနေ့က ည ၈ နာရီခွဲဝန်းကျင်လောက်ဖြစ်မယ်။ ကားပေါ်ကနေ ပစ်သွားတယ်ဆိုပြိး ပြောကြတာ ရှိတယ်။ သေချာတော့ မသိဘူး။ တလမ်းလုံးကို နံဆော်နေတာပဲ။ လူမစင်တွေပါ။ တမင်ကို ရည်ရွယ်ပြီး လုပ်သွားတာ တော်တော်ကို ဆိုးဝါးတဲ့ လုပ်ရပ်ပါ။” ဟု ဒေသခံတဦးက ပြောသည်။

ပစ်ချခဲ့သည့် မစင်ထုပ်များကို ဖြတ်သွားဖြတ်လာ ကားများက နင်းမိသည့်အတွက် အနံ့အသက်များ ဆိုးဝါးစွာထွက်ပေါ်ခဲ့ကြောင်း ဆိုသည်။
ဖြစ်စဉ် ဖြစ်ပွားသည့် နေရာကို လူမှုကူညီရေးအသင်းများက လာရောက်ကာ ရေဘောက်ဆာကားများဖြင့် ရေဖြင့် ဆေးကြောခြင်း၊ ထုံးမှုန့်၊ ဆပ်ပြာမှုန့်များ ဖြူးခြင်းဖြင့် လမ်းပေါ်ပြန့်ကျဲနေသည့် မစင်များကို သန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ မြို့နယ် ခြောက်ခုတွင် ပြီးခဲ့သည့် ဩဂုတ်လက ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများ ရှိခဲ့ပြီး လူနာ ဦးရေ ၅၀၀ ကျော် ဆေးရုံတက်ကုသခဲ့ရကာ သေဆုံးမှုများလည်း ရှိခဲ့သည်။
ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ရန် လုပ်ဆောင်နေရချိန် ယခုကဲ့သို့ လမ်းပေါ်၌ မစင်ထုပ်များ ပစ်ချခဲ့သည့် ဖြစ်စဉ်အပေါ် ဒေသခံများက ဝေဖန်နေကြသည်။

“ ၀မ်းရောဂါတွေ ဖြစ်ပွားနေပါတယ်ဆို အဲ့လိုတွေ လုပ်တဲ့သူကရှိသေး။”
“ CCTV ကြည့်သင့်ပါတယ် တမင်လုပ်သွားတဲ့ ပုံပဲ ဝမ်းရောဂါတွေ ဖြစ်နေပါတယ်ဆိုမှ ရောဂါ တမင်ဖြန့်သလိုပါပဲ” ဟု ဒေသခံများက မှတ်ချက်ပြုသည်။
မည်သည့်အတွက်ကြောင့် လမ်းမပေါ်တွင် မစင်ထုတ်များ ပစ်ချခဲ့ခြင်းကို မသိရှိရသေးပေ။
အရပ်သားတပိုင်းစစ်အုပ်ချုပ်ရေးအဖွဲ့ကလည်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ (စက်တင်ဘာလ ၁၀ ရက်) မွန်းလွဲပိုင်းအထိ သတင်းထုတ်ပြန်လာခြင်း မရှိပေ။



Leave a Reply