ကချင်ပြည်နယ်သို့ ရှေ့တန်းထွက်နေသည့် တပ်မ ၃၃ လက်အောက်ခံ တပ်များအတွက် ဂါထာ၊ မန္တန်၊ အစီအရင်များ စီရင်ပေးပြီး နောက်ချန်တပ်ရင်းများတွင်လည်း ပရိတ်၊ ပဌာန်းများ ရွတ်ဖတ်ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခိုင်းနေ
ကချင်ပြည်နယ်တွင် ရှေ့တန်းထွက်နေသည့် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများမှ တပ်ရင်းမှူးနှင့် စစ်ကြောင်းမှူးများကို ဂါထာ၊ မန္တန်နှင့် အစီအရင်များ ပြုလုပ်ပေးပြီး စေလွှတ်နေသကဲ့သို့ နောက်ချန်တပ်ရင်းများတွင်လည်း ပရိတ်၊ ပဌာန်းနှင့် မေတ္တာပို့ တရားတော်များ ရွတ်ဖတ်ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခိုင်းနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။
ရှေးမြန်မာဘုရင်များလက်ထက်တွင် ဗိုလ်မှူးကြီးများ၊ ဗိုလ်ကြီးများနှင့် မင်းသားများ စစ်ချီတက်ရာတွင် တပ်ဦးမှ ရွတ်ဆိုလေ့ရှိသည့် ဂါထာဖြစ်သည်ဟု ပေစာများတွင် ဖော်ပြထားသည့် ဂါထာတစ်ရပ်ကို လက်ရှိ စစ်ကောင်စီတပ်က အသုံးပြုရန် ညွှန်ကြားထားကြောင်း သိရသည်။
ယင်းညွှန်ကြားချက်တွင် တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၁ နှင့် ခမရ ၁၂၀ တပ်ရင်းများအနေဖြင့် အဆိုပါ ဂါထာကို အထူးအလေးထား ဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသည့် ဂါထာကို ရွတ်ဆိုရန် ညွှန်ကြားထားကြောင်း သိရသည်။
ထို့အပြင် စစ်ကြောင်းထွက်ခွာခြင်းမပြုမီ စစ်ဦးစီးခေါင်းဆောင်များအနေဖြင့် ရန်သူကို “ချည်ပြီး တုပ်ပြီးဖြစ်စေ” ရန်ဟူသည့် အစီအရင်တစ်ရပ်အဖြစ် နီးစပ်ရာသစ်ပင်များကို နှီးဖြင့် လိုက်လံတုပ်နှောင်ရန်၊ ကျောက်ခဲများပေါ်တွင် “ဒဏပဝ” ဟု ရေးသားပြီး ရဲဘော်တစ်ဦးလျှင် ကျောက်တစ်လုံးစီ ပေးထားရန်နှင့် ယင်းလုပ်ဆောင်မှုများ ပြုလုပ်ပြီးကြောင်း ပြန်လည်တင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။
“ဘယ်လောက်ကြောက်နေသလဲဆိုတာ သိသာတယ်။ အဲဒီလိုလုပ်လေ အောက်ခြေက ပိုပြီး စိတ်ဓာတ်ပျက်လေပဲ။ ဓာတ်ရူး၊ နတ်ရူး၊ စစ်ဗိုလ်ချုပ်တွေပါ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။
နောက်ချန်တပ်ရင်းများတွင်လည်း တပ်ရင်းရှိ ရဲမေများနှင့် မှီခိုသူများကို နံနက် ၄ နာရီမှ ည ၉ နာရီအထိ ဓမ္မာရုံများတွင် တပ်ခွဲအလိုက် အလှည့်ကျစနစ်ဖြင့် ဓဇဂ္ဂသုတ်၊ ပရိတ်၊ ပဌာန်းနှင့် မေတ္တာပို့ တရားတော်များ ရွတ်ဖတ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
ထို့အပြင် တပ်ရင်းဗဟိုကင်းတွင်လည်း နံနက် ၄ နာရီမှ ည ၉ နာရီအထိ တရားတော်များကို အသံချဲ့စက်အသေးဖြင့် ဖွင့်ထားရန် ညွှန်ကြားထားပြီး ကင်းစောင့်နေသူများ ကြားနိုင်သည့်အဆင့်သာ အသံအတိုးအကျယ်ထားရန် သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်များ ထွက်ပေါ်လာချိန်တွင် တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၁ နှင့် ခမရ ၁၂၀ တပ်ရင်းများကို မန္တလေးမြို့မှတစ်ဆင့် ဗန်းမော်မြို့ဘက်သို့ သင်္ဘောများဖြင့် စစ်ကူပို့ဆောင်နေကြောင်း သိရသည်။
ယင်းတပ်ဖွဲ့များသည် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဒုတိယမြစ်ကျဉ်းအနီးတစ်ဝိုက်သို့ ရောက်ရှိလာနေပြီး KIA ပူးပေါင်းတပ်ဖွဲ့များက လမ်းကြောင်းဖြတ်တောက် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံနေရခြင်းကြောင့် စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်သေဆုံးမှုများနှင့် စစ်ရေးပစ္စည်း ပျက်စီးဆုံးရှုံးမှုများ ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။









Leave a Reply