ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က သတ်ဖြတ်ခဲ့သော ပြည်သူ ၆ ဦး၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိ၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၁ ဦးထိရှိလာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ခဲ့သော ပြည်သူ ၆ ဦး၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိခဲ့ကြောင်း Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ်လ ၂ ရက်နေ့မှ စတင်ပြီး ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မြေစွန်းတော်ရွာကို အကြမ်းဖက် စစ်တပ်၏ ပခုက္ကူ တပ်မ ၁၀၁ နှင့် ရေစကြိုမြို့နယ်ရှိ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်း တို့မှ အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စတင် စစ်ကြောင်းထိုးဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် မြေစွန်းတော်ရွာကို ၃ ရက်ဆက် ဝင်ရောက်စီးနင်းမှု အတွင်း သက်ကြီးရွယ်အို အရပ်သား ပြည်သူ ၁၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြေစွန်းတော်ရွာမှ အသက် ၇၀ ကျော်အရွယ် ဦးဟန်တင် ၊ အသက် ၆၀ နှစ်အရွယ် ဦးဌေးမြင့် ၊ အသက် ၈၈ နှစ်အရွယ် ဦးသံမဏိ ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်သန်းပြည့် ၊ အသက် ၈၆ နှစ်အရွယ် ဒေါ်လှ‌ငွေ ၊ အသက် ၆၇ နှစ်အရွယ် ဦးကြည်ဌေး ၊ အသက် ၆၉ နှစ်အရွယ် ဦးအောင်မြိုင်၊ အသက် ၃၅ နှစ်အရွယ် ကိုသန့်ဇင်၊ အသက် ၄၀ အရွယ် ကိုအောင်လင်းနိုင် နှင့် မာလကာခြံရွာမှ အသက် ၇၀ နှစ်အရွယ် ဦးညွန့်ဝေ ၊ အသက် ၅၀ အရွယ် ဦးဆန်းဝင်း တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြေစွန်းတော်ရွာ၊ မာလကာခြံရွာ၊ ရွာသစ်ရွာ၊ ဇရပ်နီရွာနှင့် သာဂေါင်လေးရွာတို့မှ ပြည်သူပိုင် ပစ္စည်း အားလုံးကို ခိုးယူ လုယက် ယူဆောင်သွားပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

“အခုထပ်မံ အတည်ပြုနိုင်နိုင်တာ မြေစွန်းတော်ရွာက ပြည်သူ ၉ ဦးနဲ့ မာလကာခြံရွာက ပြည်သူ ၂ ဦးလို့သိရတယ်။ စုစုပေါင်း စစ်ခွေးတွေ သတ်ဖြတ်သွားတာ ၁၁ ဦးထိရှိလာပြီ စစ်ခွေးတွေက မီးရှို့အလောင်းဖျောက်တာတွေလည်း ရှိနိုင်တယ်။ အခုတွေတာက ရုပ်အလောင်းနဲ့ အတည်ပြုနိုင်သူတွေပဲရှိတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ပြည်သူတွေ ထပ်ရှိနိုင်သေးတယ်” ဟု Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း စစ်ကြောင်းသည် ယနေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပန်းညိုရွာကို ထပ်မံ ဝင်ရောက် စီးနင်းနေပြီး အနီးဝန်းကျင်ရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *