သခင်ကို ကိုက်သတ်ဖူးသည့်ခွေး ၅ နှစ်အကြာ နောက်ထပ်သခင်ကို ထပ်မံကိုက်သတ်
ဘန်ကောက်မြို့၊ ဘွန်းခမ်ခရိုင်ရှိ နေအိမ်တစ်အိမ်အတွင်း ဂျိုင်ယန့် အမည်ရှိ ဘန်ဒေါ့မျိုးခွေး (ပစ်ဘူးလ်စပ်မျိုး) ၏ တိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် မစ္စစ်ဝန်ဒီ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ခွေးကိုက်မှုကြောင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို မိသားစုဝင်များက စက်တင်ဘာ ၁၀ ရက်တွင် ဆေးရုံရဲတပ်ဖွဲ့ ရင်ခွဲစစ်ဆေးရေးဌာနမှ သွားရောက်ထုတ်ယူခဲ့ကြသည်။
အဆိုပါ ဆေးရုံရင်ခွဲစစ်ဆေးရေးဌာနသို့ ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မစ္စစ်ဝန်ဒီ၏ မိသားစုဝင်များ ရောက်ရှိလာကြပြီး ဘာသာရေးထုံးတမ်းအတိုင်း သင်္ဂြိုဟ်နိုင်ရန် ရုပ်အလောင်းကို ပြန်လည်လက်ခံယူခဲ့ကြခြင်းဖြစ်သည်။ မိသားစုကိုယ်စား မြေးဖြစ်သူ အမျိုးသားနှစ်ဦးက လိုအပ်သည့် စာရွက်စာတမ်းများဖြင့် လာရောက်ဆောင်ရွက်ခဲ့ကြသည်။
မြေးဖြစ်သူနှစ်ဦးသည် ဝမ်းနည်းပူဆွေးနေကြသည့်အတွက် မျက်နှာဖုံး၊ အနက်ရောင်နေကာမျက်မှန်နှင့် ဦးထုပ်များ ဝတ်ဆင်ကာ မျက်နှာကို ဖုံးကွယ်ထားခဲ့ကြပြီး သတင်းမီဒီယာများကိုလည်း အင်တာဗျူးဖြေဆိုရန် ငြင်းဆိုခဲ့ကြသည်။
ရင်ခွဲစစ်ဆေးချက် ကနဦးရလဒ်အရ မစ္စစ်ဝန်ဒီ၏ မျက်နှာ၊ လည်ပင်းနှင့် လက်နှစ်ဖက်စလုံးတွင် ပြင်းထန်သော ဒဏ်ရာများ တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့ဆေးရုံ ရင်ခွဲစစ်ဆေးရေးဌာန အကြီးအကဲ ရဲမှူးချုပ် ဝိရုန် ဆူဖာစင်စီရီပရီချာက ပြောကြားခဲ့သည်။
အထူးသဖြင့် မျက်နှာပေါ်ရှိ အံသွားကိုက်ရာဒဏ်ရာမှာ အရိုးအထိ အလွန်နက်ရှိုင်းပြီး အရိုးကျိုးသည်အထိ ပြင်းထန်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါ ဂျိုင်ယန့် အမည်ရှိ ခွေးသည် ယခင်ကလည်း လူကို တိုက်ခိုက်ခဲ့ဖူးသည့် မှတ်တမ်းရှိခဲ့ပြီး ၂၀၂၁ ခုနှစ်က ချွန်ဘူရီပြည်နယ်၊ ဘန်လမုန်ခရိုင်၌ ယခင်ပိုင်ရှင်ဖြစ်သူကို ကိုက်ခဲတိုက်ခိုက်ခဲ့သဖြင့် သေဆုံးစေခဲ့ဖူးသည်။
ယခုဖြစ်စဉ်တွင်လည်း ပိုင်ရှင်အသစ်ဖြစ်သူ မစ္စစ်ဝန်ဒီကို အလားတူပုံစံဖြင့် ထပ်မံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မစ္စစ်ဝန်ဒီ၏ ရုပ်အလောင်းကို ဘန်ကောက်မြို့၊ ဘန်ကပီခရိုင်ရှိ ဘွန်းထောင်းလန် ဘုန်းကြီးကျောင်းသို့ ယူဆောင်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်မှစတင်ကာ ၃ ညတိုင်တိုင် တရားပွဲနှင့် ဆုတောင်းပွဲများ ပြုလုပ်သွားမည်ဖြစ်ကာ စက်တင်ဘာ ၁၃ ရက် (တနင်္ဂနွေနေ့) တွင် မီးသင်္ဂြိုဟ်မည် ဖြစ်သည်။



Leave a Reply