တံတားဦးလေတပ် ဒရုန်းကျပြီးနောက် တိုက်ပွဲများ ဖြစ်နေ
မန္တလေးတိုင်း တံတားဦးမြို့နယ်အတွင်းရှိ တံတားဦးလေတပ်စခန်း FPV ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် အနောက် တောင်ဘက် ၁၅ မိုင်ခန့်အကွာ နွားခြံကြီးကုန်းကျေးရွာဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေရာ လေကြောင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
တံတားဦးလေတပ်စခန်းကို ယနေ့ နေ့လယ် ၂ နာရီကျော်ခန့်က FPV ဒရုန်းများဖြင့်တိုက်ခိုက်ခံရအပြီး ဒရုန်းများ ပျံတက်လာသည့် အနောက်တောင်ဘက်အရပ်သို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာ၍ ဒေသတော်လှန်ရေးအဖွဲ့များနှင့် နွားခြံကြီးကုန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
“နွားခြံကြီးကုန်းရွာဘက်မှာ နေ့လယ် ၂ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်နေတာ၊ အခုအချိန်ထိ(ညနေ ၆ နာရီခွဲ) မပြီးသေးဘူး၊ နွားခြံကြီးကုန်းက တံတားဦးနယ်ထဲကပေါ့၊
သူက နွားထိုးကြီးနဲ့ တံတားဦးနယ်အစပ်လောက်က ရွာလို့ ပြောလို့ ရတယ်၊ အပေါ်က လေကြောင်းနဲ့ပါ ချနေတာဆိုတော့ ရွာတွေကတော့ ကြေပြီပေါ့၊ နှစ်ဖက်ထိခိုက်မှုတော့ ရှိတာပေါ့၊ အသေးစိတ်တော့ မသိရသေးဘူး”ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
တံတားဦးလေတပ်စခန်း တိုက်ခိုက်ခံရသဖြင့် လေယာဉ်ခရီးစဉ်များ နှောင့်နှေးရပ်ဆိုင်းမှုများ ဖြစ်ပေါ်ခဲ့ရသလို လေဆိပ်အနီးတွင် MI-35 ရဟတ်ယာဉ်များ ပျံဝဲနေပြီး အပြန်အလှန်တိုက်ခိုက်သံများ ကြားနေရကြောင်း အနီးရှိ ဒေသခံတဦးက ပြောသည်။
“နေ့လယ်ပိုင်းက လေတပ်ဘက်ကနေ အသံတွေ ကြားရတယ်၊ ထိခိုက်မှုတွေလည်း ရှိတယ်လို့တော့ သိရတယ်ဗျ၊ အဲဒီလိုဖြစ်ပြီး သိပ်မကြာဘူး စစ်ကားကြီး ၃ စီး အင်အားအပြည့်နဲ့ ထွက်သွားတယ်၊ ဘယ်မှာတိုက်ပွဲဖြစ်တာလဲ မသိရပေမယ့် အခုထိ အသံတွေ ကြားနေရတယ်၊ ဟတ်စကီးတွေလည်း တက်လိုက် ဆင်းလိုက်နဲ့ ၁၀ ကြိမ် မကတော့ဘူး”ဟု တံတားဦးလေတပ်အနီး နေထိုင်သူတဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် နွားခြံကြီးကုန်း၊ ရွာသာအေး၊ သစ်တော်ဖျား(မြောက်) ကျေးရွာများအပါ ကျေးရွာ ၇ ရွာထက်မနည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။



Leave a Reply