KIA ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ရေယာဉ်အုပ်စုမှ ရိက္ခာနှင့်ခဲယမ်းများ အပါအဝင် ပစ္စည်းတင် သင်္ဘော ၁ စီးသာ ဗန်းမော်မြို့သို့ ရောက်ရှိဟု ဗိုလ်မှူးကြီးနော်ဘူပြောဆို၊ ကုန်ပစ္စည်းတင် သင်္ဘော ၁ စီး ထပ်မံပေးပို့ရန် စစ်တပ်က ကြိုးစားနေ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ရေယာဉ် ၁၅ စီးပါ စစ်သင်္ဘောအုပ်စုက ရိက္ခာနှင့်လက်နက်ခဲယမ်းများ တင်ပို့ရန် ကြိုးစားခဲ့သော်လည်း KIA ၏ ဟန့်တားတိုက်ခိုက်မှုကြောင့် ပစ္စည်းတင်သင်္ဘော ၁ စီးသာ ဗန်းမော်မြို့သို့ ရောက်ရှိခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

ဩဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ မန္တလေးမှ ဆန်တက်လာသော စစ်သင်္ဘောများက ဗန်းမော်မြို့သို့ ရိက္ခာနှင့်လက်နက်ခဲယမ်းများ တင်ပို့နိုင်ရန် ကြိုးစားခဲ့သော်လည်း KIA က သင်္ဘောများ ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက် လိုက်လံတိုက်ခိုက်ခဲ့ရာ ပစ္စည်းတင်သင်္ဘော ၁ စီးသာ ဗန်းမော်မြို့သို့ ရောက်ရှိနိုင်ခဲ့ကြောင်း သိရှိရသည်။
“ပထမအသုတ်စစ်သင်္ဘော ၇ စီး ဗန်းမော်ကိုရောက်တာမှာ ပစ္စည်းတင်သင်္ဘော ၁ စီးပဲရောက်တယ်။အခုလည်း ရွှေကူဘက်မှာ ပစ္စည်းတွေ ထပ်ပို့ဖို့ ဒုတိယအသုတ် တက်လာတာရှိတယ်။ အဲဒီမှာလည်း ပစ္စည်းတင်သင်္ဘော ၁ စီးပါတယ်လို့ ကြားတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
ဩဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ ပထမအသုတ် ဗန်းမော်သို့ ဆန်တက်လာသော စစ်သင်္ဘောများကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက အသွားအပြန် ရေလမ်းခရီးစဉ်များတွင် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁၃ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ဗန်းမော်ဘက်သို့ ရိက္ခာနှင့် ကုန် ပစ္စည်းများ ပို့ဆောင်ပြီး ပြန် လည် စုန်ဆင်းလာသော အကြမ်းဖက် စစ်တပ်၏ သင်္ဘော ၃ စီးကို KIA ပူးပေါင်းတပ်များက ဒရုန်းဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဇင်းဘုံကျေးရွာအောက် ဝဲမကြီးအနီး ရှေ့ဆုံးမှ ဦးဆောင်လာသည့် တိုက်ခိုက်ရေး စစ်သင်္ဘော ၁ စီးမှာ မြုပ်သွားခဲ့ကြောင်း၊ ယင်းနောက် ဒုတိယ တိုက်ခိုက်ရေး စစ်သင်္ဘော ၁ စီးမှာလည်း KIA ၏ တိုက်ခိုက်မှုကြောင့် ထပ်မံ နစ်မြုပ်သွားခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် စက်တင်ဘာလ ၉ ရက်နေ့ ဗန်းမော်မြို့နယ် မြလည်ကျေးရွာ အထက်နားတွင် သင်္ဘော ၁ စီးကိုလည်း မီးလောင်ပျက်စီးအောင် KIA က တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စက်တင်ဘာလ နံနက်ပိုင်း ရွှေကူမြို့နယ်အတွင်း ကမ်းကပ်ရပ်နားထားသည့် စစ်ကောင်စီ၏ သင်္ဘော ၂ စီးကိုလည်း KIA ပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စက်တင်ဘာလ ၉ ရက်နေ့ တစ်နေ့တည်း စစ်သင်္ဘောနှင့်ကုန်တင်သင်္ဘော ၅ စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် KIA ပူးပေါင်းတပ်များက ဩဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ ယခု သီတင်း ၂ ပတ်တာကာလ အတွင်း တိုက်ခိုက်ရေး စစ် သင်္ဘောများနှင့် ကုန်တင် သင်္ဘောများ အပါ အဝင် စုစုပေါင်း သင်္ဘော ၁၃ စီးကို တိုက်ခိုက်ဖျက်ဆီးထားနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၅၁ ဦး ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ စစ်သင်္ဘောများက မန္တလေးဆိပ်ကမ်းမှတစ်ဆင့် ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်ကာ ဗန်းမော်မြို့သို့ စစ်ကူနှင့်လက်နက်ခဲယမ်းများကို ပို့ဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။



Leave a Reply