ဒူဘိုင်းတွင် အလုပ်ရှင်မှ ပိတ်လှောင်ထားသည်ဟုဆိုကာ အဆက်အသွယ်ပြတ်သွားခဲ့သည့် မြန်မာအမျိုးသမီးငယ် အေဂျင့်ထံတွင်ရှိနေပြီး ငွေကြေးအများအပြားတောင်းခံနေ
မိသားစုတွေရဲ့ ရင်ထဲမှာတော့ သောကမီးတွေ တောက်လောင်နေခဲ့ရပါပြီ။ ဒူဘိုင်းနိုင်ငံကို အလုပ်သွားလုပ်တဲ့ မလင်းလင်းနွယ်ဆိုတဲ့ မြန်မာအမျိုးသမီးငယ်လေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မိသားစုဆီကို အထိတ်တလန့်နဲ့ ဖုန်းဆက်လာခဲ့ပါတယ်။
အလုပ်ရှင်နဲ့ ပြဿနာတက်ပြီး လက်တွေကို အရိုက်ခံထားရသလို၊ အစာရေစာမကျွေးဘဲ အခန်းထဲမှာ ၃ ရက်တိတိ ပိတ်လှောင်ခံထားရတယ်လို့ သူမက ဖုန်းဆက်ခွင့်ရတဲ့အချိန်လေးမှာ အကူအညီတောင်းခဲ့ပါတယ်။
အဲဒီလို ဖုန်းခေါ်ဆိုပြီးချိန်ကစလို့ မလင်းလင်းနွယ်နဲ့ အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့ပါတယ်။
အပူမီးဝိုင်းနေတဲ့ မိသားစုဝင်တွေဟာ သက်ဆိုင်ရာ အေဂျင့်ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အေဂျင့်ဘက်က ဘာမှမသိရဘူးလို့သာ အစပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။
သမီးလေးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်လွန်းလို့ မိသားစုက လူမှုကွန်ရက်ပေါ်မှာ အေဂျင့်ရဲ့ ပုံနဲ့တကွ အကူအညီတောင်းခံတဲ့ ပို့စ်တစ်ခုကို ရေးတင်ခဲ့ပါတယ်။
ဒီပို့စ်ကို မြင်သွားတဲ့အခါမှာတော့ အေဂျင့်ဘက်က မိသားစုကို အသရေဖျက်မှုနဲ့ တရားစွဲမယ်လို့ ပြန်လည်ခြိမ်းခြောက်လာခဲ့ပါတယ်။
သို့သော်လည်း အခြေအနေတွေက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ ပျောက်ဆုံးနေတဲ့ မလင်းလင်းနွယ်ဟာ လက်ရှိမှာ အေဂျင့်ဆီကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ဝမ်းနည်းစရာကောင်းတာက သမီးလေးကို မြန်မာပြည်ပြန်ပို့ပေးဖို့အတွက် အေဂျင့်ဘက်က လျော်ကြေးငွေ အမြောက်အမြား တောင်းဆိုထားတာပါပဲ။
လက်ရှိအချိန်မှာတော့ မိသားစုနဲ့ အေဂျင့်တို့ကြား ငွေကြေးကိစ္စကို ညှိနှိုင်းနေဆဲဖြစ်ပါတယ်။
မိသားစုဝင်တွေကတော့ မလင်းလင်းနွယ်နဲ့ လူချင်းတိုက်ရိုက် စကားသေချာမပြောရသေးတဲ့အတွက် စိတ်မချနိုင်သေးဘဲ၊ အားလုံး အဆင်ပြေချောမွေ့မှသာ လူမှုကွန်ရက်ပေါ်က ပို့စ်ကို ပြန်လည်ဖြုတ်ချပေးသွားမယ်လို့ ခိုင်ခိုင်မာမာ ရပ်တည်ပြောဆိုထားပါတယ်။
တပါးသူနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာအမျိုးသမီးငယ်လေး အမြန်ဆုံး ဘေးကင်းလုံခြုံစွာနဲ့ မိသားစုရင်ခွင်ဆီ ပြန်ရောက်လာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။



Leave a Reply