တံတားဦးလေတပ် တိုက်ခိုက်ခံနေရပြီးနောက် လေတပ်မှ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး မျိုးလှိုင်ဦး Sniper ထိမှန်သေဆုံး
မန္တလေးတိုင်း၊ တံတားဦးလေတပ်ကို တော်လှန်ရေးတပ်တွေက အသေခံ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ဆက်လက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အမှတ် (၇) လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး မျိုးလှိုင်ဦးဟာ Sniper ထိမှန်သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒုဗိုလ်မှူးကြီး မျိုးလှိုင်ဦးဟာ တံတားဦးမြို့နယ်၊ အမှတ် ၃၀၂၇ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းက ဖြစ်ပြီး လေတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီးနောက် ဒရုန်းတွေ ပျံတက်လာတဲ့ အနောက်တောင်ဘက်ကို ဦးတည် စစ်ကြောင်းထိုးဖို့ ထွက်ခွာစဉ်မှာ Sniper ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
“သူက စစ်တက္ကသိုလ် အပတ်စဉ် (၄၂) ပေါ့နော်။ Sniper ထိပြီးတော့ သေသွားပါတယ်။ မနေ့က တံတားဦးဖြစ်စဉ် တိုက်ခိုက်မှုအပြီးမှာ အပြင်ထွက်ပြီး လိုက်ရှင်းတာ။ အဲ့အနေအထားမှာ Sniper နဲ့ အပစ်ခံရတာဖြစ်ပါ။ သူက တံတားဦးလေတပ်ထဲမှာ လုံခြုံရေးတာဝန်ယူရတဲ့ ခြေလျင်တပ်ပေါ့၊ ကြည်းတပ်မှာရှိတဲ့ အဆင့်အမြင့်ဆုံး လူဖြစ်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
သူ့ရဲ့ နာရေးကိုလည်း ဒီနေ့မှာပဲ တပ်ထဲမှာလုပ်ဆောင်နေတယ်လို့ ဗိုလ်ကြီးဇင်ယော်က ဆက်ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေဟာ တံတားဦးလေတပ်ထဲမှာ ရပ်နားထာတဲ့ စစ်တပ်တိုက်လေယာဉ်တွေနဲ့ လေတပ်ဝင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကို FPV ဒရုန်းတွေနဲ့ တောက်လျှောက်တိုက်ခိုက်နေတာဖြစ်လို့ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးတာနဲ့ တိုက်လေယာဉ်ပျက်စီးတာတွေ ရှိနေတာပါ။
စစ်ကောင်စီဘက်တော့ အခုလို တိုက်ခိုက်ခံရမှုအပေါ် ၎င်းတို့ ထိခိုက်မှုမရှိကြောင်း၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေနဲ့ တားဆီးနိုင်ခဲ့ကြောင်းနဲ့ ယခုလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ပြောဆိုနေပေမယ့် တဖက်မှာတော့ လေဆိပ်အတွင်းက ဂျက်ဖိုက်တာနဲ့ စစ်သားတွေ တိုက်ခိုက်ခံရတဲ့ ရုပ်သံဖိုင်တွေဟာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လျက်ရှိနေပါတယ်။
ပုံစာ – စစ်ကောင်စီရဲ့ လေတပ်စခန်းတစ်ခု (ပုံဟောင်း)



Leave a Reply