မန္တလေးတွင် စစ်မှုထမ်းအစားလိုက်သူနည်းပါးလာပြီးနောက် ရပ်ကွက်အလိုက် မဲနှိုက်ပွဲများနှင့် ဆင့်ခေါ်မှုများ အရှိန်မြှင့်ပြန်လုပ်လာ
စစ်မှုထမ်းအစားလိုက်သူနည်းပါးလာတဲ့ မန္တလေးမှာ ရပ်ကွက်အလိုက် စစ်မှုထမ်းဆင့်ခေါ် မဲနှိုက်ပွဲတွေ အရှိန်မြှင့်ပြန်လုပ်လာသလို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုဆိုးလာတယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မန္တလေးမြို့အတွင်းက မြို့နယ်တချို့မှာ ရပ်ကွက်အလိုက် စစ်မှုထမ်းဆင့်ခေါ်တာနဲ့ မဲနိူက်တာတွေကို ရပ်ကွက်အာဏာပိုင်တွေကအရင်လို ခပ်စိပ်စိပ်ပြန်လည်လုပ်ဆောင်လာနေပြီး စစ်မှုထမ်းအင်အားကို အသည်းအသန်ဖြည့်တင်းဖို့ ကြိုးစားနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဒါ့အပြင် မန္တလေးကနေ စစ်မှုထမ်း လူအရေအတွက်တိုးမြှင့်တောင်းခံထားတဲ့ အကြီးပိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးအမိန့်ကြောင့်လည်း အခုလိုတကျော့ပြန် စစ်မှုထမ်းဆင့်ခေါ်မဲနိူက်တာတွေကို ပြန်ပြီးလုပ်ဆောင်လာတာလို့ ဒေသတွင်းသတင်းရင်းမြစ်ကဆိုပါတယ်။
စက်တင်ဘာလ အစပိုင်းကစလို့ မဟာအောင်မြေ၊ ချမ်းအေးသာစံနဲ့ချမ်းမြသာစည်မြို့နယ်အတွင်းက ရပ်ကွက်တွေမှာ စစ်မှုထမ်းမဲနိူက်တာတွေကို အပြိုင်အဆိုင်ပြန်လည်လုပ်ဆောင်လာကြသလို ညဘက်လူအိပ်ချိန်ပါမချန် လိုက်လံကြေညာပြောလေ့ရှိတယ်လို့ သိရပါတယ်။
မဲနိူက်ရမယ့် ကာယကံရှင်မရှိရင် မိသားစုက တာဝန်ခံနိူက်ပေးရပြီး မရှိကြောင်းကိုသက်သေပြပေးရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိသားစုမလာနိုင်ရင်လည်း သူတို့ကိုယ်တိုင်စိတ်တိုင်းကျ စစ်မှုထမ်းစာရင်းထဲ ထည့်သွင်းလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေထဲအထိ ဧည့်စာရင်းအကြောင်းပြပြီး ဝင်ရောက် ဖမ်းဆီးတာမျိုးတွေကိုလည်း အရင်ထက်ပိုပြီးလုပ်ဆောင်လာပြီး ငွေညှစ်တာ၊ စစ်မှုထမ်းလူစားထိုးတာတွေလည်းရှိနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ရက်နေ့ ညပိုင်းကလည်း အောင်မြေသာစံမြို့နယ်၊ ဥယျာဥ်ကုန်းညောင်ကွဲရပ်ကွက်မှာ နေထိုင်တဲ့ အသက်၂၀ ဝန်းကျင်အရွယ်လူငယ်တစ်ဦးကိုလည်း အုပ်ချုပ်ရေးမှူးမိုးသန်းဦးဆိုသူ အပါအဝင်ရပ်ကွက်အာဏာပိုင်တွေက ငွေသိန်း ၂၀၀ တောင်းခံကာ လူကိုပါဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ပျူစောထီးနဲ့ အပြာဝတ်လုံခြုံရေးဆိုသူတွေကိုလည်း လုပ်ပိုင်ခွင့်အပြည့်အဝပေးထားတာကြောင့် လူငယ်တွေ နေ့ရောညပါ တစ်ယောက်တည်းအပြင်မထွက်ရဲတဲ့အထိ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
အဲဒီလိုဖြစ်စဥ်တွေဟာ ငွေကြေးတက်နိုင်သူတွေအတွက် စစ်မှုထမ်းလူစားထိုးနိုင်ရေး လုပ်ဆောင်နေတာဖြစ်ပြီး အရင်လို လူစားထိုးစစ်မှုထမ်းပေးတဲ့သူအရေအတွက်ကလည်း အရင်ကထက်လျော့နည်းလာတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
စစ်မှုထမ်းအစားထိုးလိုက်ပေးရသူတွေဟာ အခြေခံအောက်ခြေလူတန်းစားတွေထဲကပဲ ဖြစ်ပြီး အများစုဟာ မိသားစုအတွက် ဝင်ငွေရှာပေးလိုသူနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့၊ အလုပ်အကိုင်အတည်တကျမရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။
“အငှားလိုက်တဲ့သူတွေရှားလာတော့ ပေါ်တာဆွဲတာတွေကြမ်းလာတယ်။ အရင်အငှားလိုက်တဲ့သူဆိုတာကလည်း နိုင်ငံရေးဘာညာသိတာမဟုတ်ဘူး။ ငွေလေး မြိုးမြိုးမြတ်မြတ်ရရင် မိသားစုအတွက်အဆင်ပြေတော့ ၂နှစ်လောက်ပဲရင်းရမှာဆိုပြီးလိုက်ကြတယ်။ အခုကျ အဲ့လိုတွေရှားလာတော့ မဲတွေအသည်းအသန်နိူက်ခိုင်းတယ်။ ပေါ်တာတွေတိုးဆွဲလာတယ်” လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။
နောက်ထပ်မြို့ခံတစ်ဦးကလည်း ” အာဏာရှင်ရဲ့အသက်ကလည်း စစ်မှုထမ်းဆိုတော့ အောက်ခြေက အုပ်ချုပ်ရေးမှူးနဲ့ပျူတွေရဲ့လုပ်ရက်ကို အကျိုးတူပူးပေါင်းလုပ်ပေးကြတယ်။ သူတို့အတွက်ငွေရှာပေးတာမှမနည်းတာ။ မန္တလေးမှာ စစ်မှုထမ်းရာနဲ့ချီပေးနေတဲ့သူတွေလည်းရှိသေးတယ်” လို့ မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်နေ့ကစတင်ကာ မန္တလေးမြို့တွင်းက ဗောဓိကုန်း၊ အောင်မင်္ဂလာ၊ ကံလှ၊ ဒိုင်တော်နဲ့အောင်ချမ်းအေး စတဲ့ရပ်ကွက်တွေမှာ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အတွင်းအမျိုးသားစာရင်းကို ရပ်ကွက်အာဏာပိုင်တွေက နေအိမ်တွေအထိ လိုက်လံကောက်ခံနေတယ်လို့ သိရပါတယ်။
အိမ်မှာလူငယ်တွေ လက်ရှိ ရှိ/မရှိ၊ လက်ရှိဘယ်နေရာမှာရောက်ရှိနေတယ်နဲ့ ဘာအလုပ်လုပ်ကိုင်တယ်ကအစအသေးစိတ်အချက်အလက်တွေကို ရာအိမ်မှူးဆိုသူတွေက အထက်အမိန့်အရဆိုကာ သက်ဆိုင်ရာ အပိုင်းလိုက် အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးကောက်ခံနေကြတာလို့ ဒေသတွင်းသတင်းရင်းမြစ် ကဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လာမယ့်ရက်ပိုင်းတွေထဲ စစ်မှုထမ်းအပတ်စဥ် ၂၈ ကို စတင်နိုင်ဖို့ရှိနေပြီး အဲဒီအပတ်စဉ်အတွက် မြို့ကြီးတွေကနေ လူအင်အားအများအပြားရရှိထားတယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ပုံစာ – မန္တလေးမြို့အတွင်း စစ်မှုထမ်းမဲနိူက်နေသည့်မြင်ကွင်းနှင့် စစ်မှုထမ်းမဲနိူက်ရန် လှုံဆော်နေကြပုံ(ပုံဟောင်း)



Leave a Reply