ကျောက်မဲက “ရွှေမိုး” ရတနာရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်းပေါင်းထောင်ချီတန် ရွှေထည်နဲ့ လက်ဝတ်ရတနာတွေ အကုန်ပါသွား
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က “ရွှေမိုး” ရတနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ကိုလာတဲ့သူနဲ့ ဝန်ထမ်း ၁ ဦး သေနတ်ကျည်ထိ မှန်ခဲ့ကာ ရွှေထည်တွေလည်း ပါသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၈ နာရီ ခွဲခန့်က ကျောက်မဲမြို့လယ်ခေါင်၊ စျေးကြီးတောင်ဘက်က “ရွှေမိုး” ရတနာရွှေဆိုင်မှာ ဆိုင်ဖွင့်ဖို့ ခင်းကျင်းနေချိန် အမျိုးသား ၃ ဦးက သေနတ်နဲ့ ပစ်ခတ်ကာ ဓားပြတိုက်လုယက်ခဲ့တာကြောင့် သိန်းပေါင်းထောင်ချီ တန်ဖိုးရှိတဲ့ ရွှေထည်နဲ့ လက်ဝတ်ရတနာပစ္စည်းတွေ အကုန်ပါသွားတယ်လို့ သိရပါတယ်။

“အခုလုယက်ခံရတဲ့ နေရာက လူစည်တဲ့နေရာ။ စျေးကြီးတောင်ဘက် KBZ ဘဏ်နားတင် ဖြစ်တာ။ ဆိုင်မှာ ခင်းကျင်းဖို့ လုပ်နေချိန် ဓားပြတိုက်ခံရတာ အကုန်ပါသွားတယ်။ ပြန်လုလို့ သေနတ်နဲ့ ပစ်ခံရတာ။ ဆိုင်ကိုလာတဲ့ လူတယောက် လက်ကိုထိတယ်။ ဝန်ထမ်းကောင်လေး ခြေထောက်တဖက် ကျည်ထိသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ဆိုကရေးတီးပြိုင်ပွဲ ရှိတာကြောင့် ကျောက်မဲမြို့က နေရာအတော်များများကို လုံခြုံရေးတင်းကြပ်ထားတဲ့ အချိန်ဖြစ်ပေမယ့် အခုလို ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“ရွှေမိုး” ရတနာရွှေဆိုင်ဟာ ဖက်ရှင်နဲ့ ရွှေဆိုင် ပူးတွဲဖွင့်ထားတဲ့ ဆိုင်ဖြစ်ပြီး ဖွင့်တဲ့ သက်တမ်းဟာလည်း ၁ နှစ်ဝန်းကျင်သာ ရှိသေးတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျောက်မဲမြို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အခုလို ဓားပြတိုက် လုယက်မှုတွေလည်း မကြာခဏ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။
မုဒုံ-မော်လမြိုင် ကားလမ်းမကြီပေါ်မှာ ခရီးသည်တင် Express ၁ စီးနဲ့ အိမ်စီးကား ၂ စီး ဓားပြတိုက် လုယက်ခံရ
မွန်ပြည်နယ်၊ မုဒုံ-မော်လမြိုင် ကားလမ်းမကြီးပေါ်မှာ ခရီးသည်တင်ယာဉ် ၁ စီးနဲ့ အိမ်စီးကား ၂ စီးကို လက်နက်ကိုင်အဖွဲ့တခုက လမ်းခုလတ်မှာ တားဆီးပြီး ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီခန့်က မော်လမြိုင်ဘက်ကနေ မုဒုံဘက်ကို မောင်းနှင်လာတဲ့ ယာဉ် ၃ စီးကို မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာက သစ်တောပျိုးဥယျာဉ် အနီးမှာ လုံခြုံရေးစစ်ဆေးတဲ့ပုံစံနဲ့ လမ်းပိတ်တားဆီးကာ ကားပေါ်ပါသူတွေရဲ့ လက်ကိုင်ဖုန်း၊ ငွေကြေးနဲ့ ရွှေထည်တွေ အကုန်လုံးကို ဓားပြတိုက် လုယူသွားခဲ့တာလို့ သိရပါတယ်။
“ဖြစ်တဲ့နေရာက မုဒုံနယ်နမိတ်ထဲမှာ ပါတယ်။ တောထဲကလာတဲ့သူတွေ မဖြစ်နိုင်ဘူး။ မြို့အနီးတဝိုက်မှာနေတဲ့ ဓားပြတွေ ဖြစ်မယ်။ ခရီးသွားတွေရဲ့ အရေအတွက်နဲ့ လမ်းအခြေအနေကို သေချာစီစစ်ပြီးမှ အခုလို ပိပိရိရိ ဓားပြတိုက်တဲ့ပုံပါ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဓားပြတိုက် လုယက်ခံရတဲ့ နေရာဟာ မုဒုံမြို့ရဲ့ နယ်နမိတ်ထဲမှာ ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က စိုးမိုးထိန်းချုပ်ထားတဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
“မုဒုံရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ တော့ကြားတယ်။ အသေးစိတ်အချက်အလက် အတိအကျတော့ မသိရသေးဘူး။ ကြားတာတော့ သိန်း ၉၀ အထက် ပါသွားတယ်လို့ ပြောတယ်။ ဖုန်းတွေထဲ iPhone 17 တင် ၈ လုံးပါတယ် ပြောတယ်” လို့ မုဒုံရဲစခန်းနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
လတ်တလောမှာ ဓားပြတိုက်မှုအတွင်း ငွေကျပ် သိန်း ၉၀ ကျော်ခန့်နဲ့ လက်ကိုင်ဖုန်းတွေပါ လုယက်သွားတယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့် လုယက်ခံရတဲ့ ငွေကြေးပမာဏ၊ ဖုန်းအရေအတွက်နဲ့ လက်နက်ကိုင်ဆောင်ထားမှု အခြေအနေ အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မော်လမြိုင်တိုးဂိတ်အလွန် စစ်တပ်ဝင်းအနီးတွင် သေနတ်ကိုင်လူ ၆ ယောက် နေ့ခင်းကြောင်တောင် ဓားပြတိုက်
မွန်ပြည်နယ်၊ မော်လမြိုင်တိုးဂိတ်အလွန်ရှိ စစ်တပ်ဝင်းအနီးတွင် သေနတ်ကိုင်ဆောင်ထားသူများက ကား၃စီးအား နေ့ခင်းကြောင်တောင် ဓားပြတိုက်သွားကြောင်း သိရသည်။
စက်တင်ဘာ၁၁ရက်၊ မွန်လွဲ၁နာရီခွဲခန့်တွင် မော်လမြိုင်-မုဒုံကားလမ်းမကြီးပေါ်ရှိ မော်လမြိုင်တိုး ဂိတ်အလွန် စစ်တပ်ဝင်းရှေ့တွင် ဆိုင်ကယ်၃စီး ပေါ်မှ အမျိုးသား ၆ ဦးက အိမ်စီးကား၂စီးနှင့် ခရီးသည် တင်ကား၁စီးကို တားကာ စစ်တပ်နှင့် မျက်နှာချင်းဆိုင်ရှိ မုဒုံမြို့နယ်၊တာပသွန်ရွာသို့သွားရာ လမ်း ထဲသို့ ခေါ်သွားကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နယ်၊ဖားအောက်ရွာသားတစ်ဦးထံ က သိရသည်။
“စစ်တပ်ရှေ့မှာ ကားတွေကို တားတာဆိုတော့ စစ်တပ်က အရပ်ဝတ်တွေ တားတယ်ထင်ပြီး ခေါ်တဲ့ နောက် ပါသွားတယ်။စစ်တပ်ဝင်းက မော်လမြိုင်ဘက်ကလာရင် ဘယ်ဘက်ခြမ်းမှာ။ တာပသွန်ရွာအ ဝင်လမ်းက ညာဘက်မှာ။အဲလမ်းထဲ ခေါ်သွားပြီး သေနတ်တွေနဲ့ ဓားပြတိုက်သွားတယ်။ဒီနေ့ထိ မိတယ်လို့ မကြားသေးဘူး”ဟု ၎င်းက ပြောသည်။
ဓားပြများသည် ခရီးသည်များထံမှ ငွေသိန်း ၉၀၊ ဝတ်စားထားသည့် ရွှေထည်များနှင့် ဖုန်းများအားလုံး ကို ဓားပြတိုက်သွားပြီးနောက် ဆိုင်ကယ်ဖြင့် အေးအေးဆေးဆေး ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
“ဖုန်းတွေပါသွားတော့ ချက်ချင်း ဖုန်းဆက်တိုင်တာတွေ မလုပ်နိုင်ဘူး။ ဒီလိုနေရာမျိုးမှာ သေနတ်ပြ ပြီး ဓားပြတိုက်တာဆိုတော့ စဉ်းစားကြည့်ပေါ့၊ဘယ်သူဖြစ်မလဲလို့။ စစ်တပ်ရှေ့မှာ နေ့ခင်းကြောင် တောင် ဓားပြတိုက်တာကို အခုထိလည်း ဖမ်းမမိဘူးဆိုတာက ဘာသဘောလဲ”ဟု ၎င်းက ဆက် လက်ပြောသည်။
မော်လမြိုင်-မုဒုံကားလမ်းပေါ်ရှိ ယင်းနေရာသည် ညဦးပိုင်းပင်လျှင် ကားများမပြတ်သွားလာနေ ကြောင်းနှင့် တာပသွန်ရွာအဝင်လမ်းသည်လည်း နေ့ခင်းဘက်၌ ကားနှင့် ဆိုင်ကယ် မပြတ်ကြောင်း သိရသည်။
ယင်းဓားပြတိုက်မှုကို မွန်ပြည်နယ်လုံနယ်ဝန်ကြီး(လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်)၏ ခါးပိုက်ဆောင်တပ် ပြည်သူ့စစ်တို့က ကျူးလွန်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများ ကြား သတင်းထွက်ပေါ်နေသည်။



Leave a Reply