“မိုးကတအားရွာတာ။ မိုးကြိုးတွေလည်းပစ်တယ်။ မိုးများလို့ လမ်းတွေရေမြုပ်တာတွေ ရှိတယ်”
ရန်ကုန်မြို့မှာ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက မိုးအသည်းအထန် ရွာပြီး ကားပေါ် သစ်ပင်လဲကျတာတွေရှိခဲ့ပါတယ်။
မိုးရွာသွန်းမှု နဲ့ အတူ နေရာအနှံ့မှာ သစ်ပင်တွေ လဲကျခဲ့ပြီး ရန်ကင်းနဲ့ ကြည့်မြင်တိုင် မြို့နယ်တွေမှာ သစ်ပင်တွေ လဲကျ ပိမိတဲ့အတွက် ကားတချို့ ပျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ရန်ကင်းမြို့နယ်၊ အောင်ဇေယျလမ်းထိပ်မှာနေ့လယ် ၃ နာရီလောက်က တက္ကစီတစီး သစ်ပင်လဲကျပြီး ပိမိခဲ့သလို ၃ နာရီခွဲ ဝန်းကျင်မှာ ကြည့်မြင်တိုင်မြို့နယ် ၊ ရွှေလိပ်ပြာ အိမ်ရာဝင်းထဲမှာ နောက်ထပ် တက္ကစီတစီး သစ်ပင်ပိခံရတာလို့ မီးသတ်ဌာနကဆိုပါတယ်။
“ကားမောင်းနေရင်းပိတာထင်တယ်။လမ်းမှာတွေ့ခဲ့တာ။ လူထိခိုက်တာရှိမရှိတော့မသိဘူး” လို့ ရန်ကင်းမြို့နယ်မှာနေသူတဦးက ပြောပါတယ်။
လဲကျတဲ့ သစ်ပင်မှာ လုံးပတ်ကြီးတဲ့ အတွက် ပိမိတဲ့ကားရဲ့ ထိခိုက်ပျက်စီးမှု များခဲ့ပြီး အင်အားသုံး ရှင်းလင်း ဖယ်ရှားခဲ့ရတယ်လို့ မီးသတ်ဌာန မှ တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ ဒါ့အပြင် တခြားနေရာတွေမှာလည်း ဒီနေ့ နေ့လယ်ပိုင်းက သစ်ပင်ကြီးတွေ အတုံးအရုန်း လဲကျတာတွေ ရှိခဲ့တာကြောင့် လမ်းပိတ်ဆို့မှုနဲ့ ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

“မိုးကတအားရွာတာ။ မိုးကြိုးတွေလည်းပစ်တယ်။ မိုးများလို့ လမ်းတွေရေမြုပ်တာတွေ ရှိတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ မကြာခင်ကပဲ ဆရာစံလမ်းမပေါ်က သစ်ပင်လဲကျပြီး လမ်းပေါ် မောင်းနှင်လာတဲ့ ကားပေါ်ပိမိလို့ လူတဦး သေဆုံးတဲ့ဖြစ်စဥ် ရှိခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းက မိုးများပြီး လမ်းပေါ် ရေလျှံနေချိန် တာမွေမြို့နယ်မှာ ကလေးတဦး ရေမြောင်းထဲ ဝင်သွားတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။



Leave a Reply