ဗန်းမော်မှ ပြန်ဆင်းလာသည့် စစ်တပ်သင်္ဘော ၁ စီးကို KIA ပူးပေါင်းတပ်များ ထပ်မံတိုက်ခိုက်ဖျက်ဆီး၊ စစ်သင်္ဘောနှင့် ကုန်တင်သင်္ဘော ၁၆ စီးအထိ ဖျက်ဆီးနိုင်ခဲ့ပြီဟုဆို
စစ်တပ်က ဗန်းမော်မြို့နယ် ကောင်းတုန်ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲ၍ ရွာတစ်ဝက်ခန့် မီးလောင်ပျက်စီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှ မန္တလေးဘက်သို့ ပြန်လည်စုန်ဆင်းလာသည့် စစ်ကောင်စီတပ်၏ စစ်သင်္ဘောများကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ် သင်္ဘော ၁ စီး ထပ်မံပျက်စီးခဲ့ပြီး ဩဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလလယ်ပိုင်းအထိ စစ်သင်္ဘောနှင့် ကုန်တင်သင်္ဘော စုစုပေါင်း ၁၆ စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာလ ၁၂ ရက် မနက်ပိုင်းတွင် ဗန်းမော်မှ မန္တလေးဘက်သို့ ပြန်လည်စုန်ဆင်းလာသည့် စစ်ကောင်စီတပ်၏ သင်္ဘောများကို ဗန်းမော်မြို့နယ်၊ စားဝတီနှင့် သပြေကုန်းကျေးရွာများကြားတွင် KIA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သင်္ဘော ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
တိုက်ခိုက်ခံရသည့် သင်္ဘောပေါ်တွင် ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အခြားသင်္ဘောတစ်စီးပေါ်သို့ ပြောင်းရွှေ့ခဲ့ကြပြီး ပျက်စီးသွားသည့် သင်္ဘောကို ပြန်လည်ဆွဲယူသွားနိုင်ရေး ပြင်ဆင်နေကြကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဗန်းမော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်မှ စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်းအထိ Y-12 လေယာဉ်များဖြင့် စားဝတီ၊ ညောင်ပင်သာနှင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကောင်းတုန်ကျေးရွာဘက်သို့လည်း ဗုံးများကျရောက်ခဲ့ကြောင်း သိရသည်။
ကောင်းတုန်ကျေးရွာတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ရွာတစ်ဝက်ခန့်မှာ ပျက်စီးဆုံးရှုံးမှုများပြားကာ နေစရာအဆောက်အအုံများ မကျန်တော့သည့်အခြေအနေ ဖြစ်ပေါ်ခဲ့ကြောင်း ၊လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများလည်း ထိခိုက်မှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့အပြင် ရွှေကူ၊ စင်းခန်း၊ ဗန်းမော်နှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ အနည်းဆုံး ၁၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
KIA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက ဩဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ ဗန်းမော်ဘက်သို့ ရိက္ခာနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ရန် ဆန်တက်လာပြီး ပြန်လည်စုန်ဆင်းလာသည့် စစ်ကောင်စီတပ်၏ သင်္ဘောများကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အသွားအပြန်ခရီးစဉ်များတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၉ ရက်တွင် ဗန်းမော်ဘက်သို့ ရိက္ခာနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ပြီး ပြန်လည်စုန်ဆင်းလာသည့် စစ်ကောင်စီတပ်၏ သင်္ဘော ၃ စီးကို KIA ပူးပေါင်းတပ်များက ဒရုန်းဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဇင်းဘုံကျေးရွာအောက်၊ ဝဲမကြီးအနီးတွင် ရှေ့ဆုံးမှ ဦးဆောင်လာသည့် တိုက်ခိုက်ရေးစစ်သင်္ဘော ၁ စီး နစ်မြုပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒုတိယမြောက် တိုက်ခိုက်ရေးစစ်သင်္ဘော ၁ စီးလည်း KIA ပူးပေါင်းတပ်များ၏ တိုက် ခိုက်မှုကြောင့် ထပ်မံနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာလ ၉ ရက်တွင် ဗန်းမော်မြို့နယ်၊ မြလည်ကျေးရွာအထက်အနီး၌ သင်္ဘော ၁ စီးကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးခဲ့ပြီး ရွှေကူမြို့နယ်အတွင်း ကမ်းကပ်ရပ်နားထားသည့် စစ်ကောင်စီတပ်၏ သင်္ဘော ၂ စီးကိုလည်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စက်တင်ဘာလ ၉ ရက် တစ်ရက်တည်းတွင် စစ်သင်္ဘောနှင့် ကုန်တင်သင်္ဘော စုစုပေါင်း ၅ စီးကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ဩဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလလယ်ပိုင်းအထိ KIA ဦးဆောင်သော ပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးစစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများအပါအဝင် သင်္ဘောစုစုပေါင်း ၁၆ စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁ ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။



Leave a Reply