စမ်းချောင်း Bar 4 U မီးလောင်မှု အမျိုးသားနှစ်ဦး သေဆုံး
ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar 4 U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေကပြောပါတယ်။
“စမ်းချောင်း ဝင်းဘီယာဆိုင်ဘေးက Bar 4U ဆိုင်ကနေ ဝါယာရှော့ဖြစ်ပြီး စလောင်တာပါ။ ချက်ချင်းကြီး အုန်းဆို ထပေါက်တာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းနဲ့ မီးထတောက်ပြီး လောင်တာပါ။ ဆိုင်ကိုလာတဲ့ လူတွေတော့ အပြင်ကို ထွက်ပြေးကြတာနဲ့ လွတ်ပါတယ်။ အပေါ်ထပ် ထပ်ခိုးပေါ်က ဝန်ထမ်း ၂ ယောက် သေတယ်လို့ ကြားပါတယ်” လို့ စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၁၃ည ၈ နာရီကျော်မှာ စမ်းချောင်းလမ်းမှာရှိတဲ့ Bar 4 U ဆိုင်မှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး နာရီဝက်လောက် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ကဆိုပါတယ်။
“မုန့်တွေမှာနေကြရင်းညှော်နံ့တွေရလို့ မီးတွေအကုန်ပိတ်ပြီးကြည့်လိုက်မှ အပေါ်က Slight မီးက အငွေ့တွေထွက်နေရင်းနဲ့ မီးထလောင်လာတာပါ”လို့ ဒီဖြစ်စဉ်ကိုကြုံခဲ့ရသူကပြောပါတယ်။
မီးလောင်မှုမှာ ဓါတ်ငွေ့အိုးပေါက်ကွဲတာတွေရှိခဲ့ပြီး ဘေးဆိုင်တွေကိုလည်း ကူးစက်တာတွေရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မီးလောင်ချိန် ဆိုင်အပေါ်ထပ်မှာ လူတွေကျန်သေးကြောင်း ပြောနေတာကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်တွေမှာတွေ့ရပါတယ်။
“Bar4U ရဲ့ အပေါ်ထပ် ထပ်ခိုးပေါ်မှာ အမျိုးသား ၂ ဦး သေဆုံးတာ တွေ့ခဲ့ပါတယ်။ ဆိုင်ခန်းက ကျဥ်းတော့ မီးခိုးမွှန်ပြီး သေတယ်လို့ ထင်ပါတယ်။ Dead Body ကို အပေါ်ထပ်ကနေ လှေကားနဲ့ချပြီးရန်ကုန်ဆေးရုံကို ပို့လိုက်ပါပြီ” လို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ည၈နာရီ ၂၄ မိနစ်မှာမီးစလောင်ပြီး Level 1 ယာဉ်အုပ်စုနဲ့ သွားရောက်ငြှိမ်းသတ်ရာ ၈ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့မီးသတ်တပ်ဖွဲ့ကဆိုပါတယ်။
(ဘားမီးလောင်ပြီးသေဆုံးသူရဲ့ရုပ်အလောင်းကို မီးသတ်တပ်ဖွဲ့ဝင်တွေက သယ်ယူပေးနေစဥ်။ဓါတ်ပုံ-Than Htike Aung )



Leave a Reply