ဧရာဝတီမြစ်တွင်းသွား စစ်သင်္ဘောကို ရွှေကူမြို့အနီး KIA ထပ်မံတိုက်ခိုက်၊ ၁၀ စီးထက်မနည်း ပျက်စီး
ဗန်းမော်တိုက်ပွဲသို့ စစ်ကူပို့လာသည့် စစ်သင်္ဘောများထဲမှ တစီးကိုယနေ့နံနက်ပိုင်းတွင် ဗန်းမော်နှင့် ရွှေကူကြား၊ ဇင်းဘုံရွာအနီးတွင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်(KIA) ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
အမည်မဖော်လိုသည့် KIA တပ်မဟာ(၈) ထောက်လှမ်းရေး အရာရှိတဦးကလည်း ဧရာဝတီမြစ်ပြင်တွင် မီးလောင်နေသည့် သင်္ဘောတစီး၏ ဓာတ်ပုံကို Myanmar Now ထံပေးပို့ခဲ့ပြီး စစ်သင်္ဘောတိုက်ခိုက်မှုကို အတည်ပြုခဲ့သည်။
ယင်းသင်္ဘောပေါ်တွင် ဗန်းမော်အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)မှ ဒုတိယဗိုလ်မှူးကြီးနှင့် ခမရ(၃၂၀)မှ တပ်ရင်းမှူးတို့လည်း လိုက်ပါလာသည်ဟု သတင်းရထားကြောင်း KIA ထောက်လှမ်းရေး အရာရှိကဆိုသည်။ သင်္ဘောကိုပျက်စီးအောင်တိုက်ခိုက်နိုင်ခဲ့သော်လည်း
သင်္ဘောပေါ်မှ စစ်ဗိုလ်များသည် အသက်ကယ်လှေများဖြင့် ထွက်ပြေးသွားကြသည်ဟု ၎င်းကဆိုသည်။
KIA ထောက်လှမ်းရေးအရာရှိ၏အဆိုအရ KIA နှင့်မဟာမိတ်များသည် ယနေ့နံနက်ပိုင်းက တိုက်ခိုက်ဖျက်ဆီးခဲ့သည့် စစ်သင်္ဘောအပါအဝင် ဗန်းမော်စစ်မြေပြင်သို့ စစ်ကူပို့လွှတ်သည့် စစ်တပ်၏ ဧရာဝတီမြစ်တွင်းသွား စစ်သင်္ဘော ၁၀ စီးကို သီတင်းနှစ်ပတ်အတွင်း နှစ်မြှုပ်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော် Myanmar NOw အနေဖြင့် အရေအတွက်ကို သီးခြားအတည်မပြုနိုင်ပါ။
ယနေ့နံနက်ပိုင်းက ဖျက်ဆီးနိုင်ခဲ့သည့် စစ်သင်္ဘောများသည် ဗန်းမော်မှရွှေကူဘက်သို့ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စုတွင် ပါဝင်သည့် သင်္ဘောတစီးဖြစ်ကြောင်း၊ စစ်သင်္ဘောလေးစီးပါဝင်သည့် အဆိုပါရေယာဉ်အုပ်စုကို စနေနေ့က ဗန်းမော်မြို့ အနောက်တောင်ဘက်ရှိ စာဝတီးနှင့် သပြေကုန်းရွာတို့အနီးတွင် KIA ဘက်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များက ဆိုသည်။
စနေနေ့တိုက်ပွဲတွင် စစ်သင်္ဘောလေးစီးထဲမှ နှစ်စီး မီးလောင်ပျက်စီးခဲ့ပြီး အခြားတစီးသည် ရွှေကူမြို့ဘက်သို့ စုန်ဆင်းနိုင်ခဲ့သည်။ နောက်ဆုံးကျန်သည့်တစီးသည် ရေကြောင်းအတိုင်း မျောပါနေရာမှ မြစ်အောက်ပိုင်းရှိ ဗန်းမော်နှင့် ရွှေကူကြား ဇင်းဘုံရွာအနီးတွင် KIA ကထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
KIA ပြန်ကြာရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ သင်္ဘောပေါ်တွင်ပါသည့် အရာရှိများ၏ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးကြောင်း ပြောသည်။
KIA နှင့် စစ်တပ်တို့အကြား ဧရာဝတီမြစ်ပြင်တိုက်ပွဲသည်ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်မှစတင်ခဲ့သည်။ ထိုစဉ်က မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်တပ်၏ စစ်သင်္ဘောလေးစီးအပါအဝင် စုစုပေါင်း သင်္ဘော ၁၄ စီးကို ရွှေကူနှင့် ဗန်းမော်မြို့ကြား ဒုတိယဧရာဝတီမြစ်ကျဉ်းအနီးတွင် KIA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ထို့နောက် မန္တလေးမြို့မှ ဒုတိယအကြိမ် ဆန်တက်လာသည့် စစ်သင်္ဘော သုံးစီးနှင့် သံခွံသင်္ဘော တစီးတို့ကိုလည်း ကသာနှင့် ရွှေကူမြို့နယ်တို့တွင် ဆက်လက်တိုက်ခဲ့ကြပြီး စစ်တပ်၏ စုစုပေါင်း ဆန်တက်လာသည့် စစ်သင်္ဘော အစီး ၂၀ ခန့်တွင် လေးစီးသာ ဗန်းမော်မြို့သို့ ဆိုက်ရောက်နိုင်ခဲ့သည်။
အဆိုပါ စစ်သင်္ဘော လေးစီး စက်တင်ဘာလ ၁၂ ရက်တွင် ဗန်းမော်မြို့မှ ပြန်လည် စုန်ဆင်းလာစဉ် KIA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ပြီး တစီးနစ်မြုပ်ကာ သုံးစီးမီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
စစ်တပ်၏ စစ်သင်္ဘော ၂၀ ခန့်တွင် KIA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ယနေ့အထိ ၁၀ စီးနစ်မြုပ်ကာ သုံး စီးကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး မီးလောင်ပျက်စီးသွားသည့် စစ်သင်္ဘောအရေအတွက်မှာလည်း ငါးစီးထက်မနည်းရှိသလို သုံ့ပန်း ၂၀၀ နီးပါးခန့်ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု အထက်ပါ KIA သတင်းရင်းမြစ်ထံက သိရသည်။
မြစ်ကြောင်းတိုက်ပွဲများတွင် ရှုံးနိမ့်နေသည့် စစ်တပ်က ရွှေကူမှ မြေပြင် စစ်ကြောင်းများအတိုင်း ဗန်းမော်မြို့သို့ ဦးတည် စစ်ကြောင်းထိုးနေပြီး KIA ပူးပေါင်းတပ်များနှင့် နေ့စဉ်ရက်ဆက်တိုက်ပွဲများ ဖြစ်ပွားနေသည်။
“စင်းခန်း၊ ဇင်းဘုံ၊ မြလယ်၊ ရွှေကူနဲ့ ဗန်းမော် တကြောလုံးမှာ တိုက်ပွဲဖြစ်နေပါတယ်။ (စစ်တပ်)သူတို့ စင်းခန်းတံတား ပတ်ဝန်းကျင်မှာ သူတို့ နယ်မြေစိုးမိုးရေးလုပ်နိုင်ဖို့ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်။ နောက် သူတို့ရဲ့ သင်္ဘောလုံခြုံရေးလည်း ဖြစ်နိုင်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တိုက်ပွဲအတွင်း စစ်တပ်က အကျအဆုံးများနေပြီး သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူများလည်း ရှိသည်ဟု KIA ထောက်လှမ်းရေး အမျိုးသားကပြောသည်။ မြေပြင်မှ Myanmar Now ထံ ပေးပို့ထားသည့် ရုပ်သံဖိုင်တခုအရ အတုံးအရုံး လဲကျသေဆုံးနေသော စစ်ကောင်စီ တပ်သားများကို မြင်ရသည်။
“ကျောက်ကြီးနဲ့ စင်းခန်းကြားမှာပဲ၊ ရွှေကူဘက်နေမှ ဗန်းမော်ကိုတက်ဖို့ ပြင်တဲ့ ဟာတွေကို တိုက်နေတာ။ အဲဒီကောင်တွေ ရှေ့မတိုးနိုင်ဘူး၊ နောက်ပဲပြန်ဆုတ်နေတာ။ အဲဒီမှာ သေတာတွေကတော့ တော်တော်များပါတယ်။ အရှင်ဖမ်းမိတာတွေလည်း တော်တော်လေးရှိပါတယ်။ အခုထက်ထိလည်း တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်နေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
မြေပြင်၊ ရေပြင် စစ်ဆင်ရေးများတွင် ရှုံးနိမ့်နေသည့် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် မြစ်ကမ်းဘေးကျေးရွာများကို ဂျက်တိုက်လေယာဉ်များ ဖြင့် ဗုံးကြဲမှုကို ဆက်လက်ပြုလုပ်နေသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။
ယမန်နေ့က စစ်တပ်၏ ဗုံးကြဲမှုကြောင့် ဗန်းမော်မြို့ အနောက်တောင်ဘက် ၁၁ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းအနီးရှိသည့် ကောင်းတုံရွာတွင် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
စစ်ကိုင်း-ကချင်နယ်စပ်အနီး ဧရာဝတီမြစ်ကြောင်း တလျှောက် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
သင်္ဘောဆိပ်နှင့်လေဆိပ်တို့အပြင် မြစ်ကြီးနား-ဗန်းမော်ဗျူဟာလမ်းမကြီးပေါ်တွင်ရှိကာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့နှင့်ပါ ဆက်သွယ်နိုင်သည့် ဗန်းမော်မြို့ကို KIA က ၂၀၂၄ ဒီဇင်ဘာလမှ စတင်၍ တိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ပွဲမှာ နှစ်နှစ်နီးပါခန့် ကြာမြင့်လာပြီဖြစ်သည်။
ဗန်းမော်မြို့ မကျရေး ကျားကုတ်ကျားခဲ ခုခံနေရသည့် စစ်တပ်က မြန်မာပြည်အလယ်ပိုင်းမှ စစ်ကူများကို ဗန်းမော်မြို့သို့ ပေးပို့နိုင်ရန် ရေလမ်းကြောင်းတခုတည်းကိုသာ အားထားနေရသည့်အတွက် စင်းခန်းရွာကို ထိန်းချုပ်၍ ဗန်းမော်မြို့သို့ ကုန်းလမ်းမှပါ စစ်ကူပို့နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် မတ်လမှ စတင်သည့် KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ဗန်းမော်မြို့အနီးအနားရှိ မံစီ၊ မိုးမောက်မြို့တို့ကို ထိုနှစ် မေလတွင် KIA က သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော်မြို့ကိုတော့ ဒီဇင်ဘာလတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နှစ်နှစ်ကျော်ကြာမြင့်လာသည့် KIA ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ်ရှိ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားပြီး ဗန်းမော်မြို့ကိုမူ အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ နှစ်ဖက်တပ်များ ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်သည်။



Leave a Reply