စစ်ကိုင်းမြို့၊ စည်ပင်ရုံးနှင့် အမှတ် ၃ ရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စည်ပင်ရုံးနှင့် အမှတ် ၃ ရဲစခန်းကို လက်ပစ်ဗုံးဖြင့် ယနေ့ နံနက်ပိုင်း ပစ်ခတ်တိုက် ခိုက်ကြောင်း စစ်ကိုင်းတိုက်နယ် Eagle Revolutions Force local တပ်ပေါင်းစု ၏တာဝန်ခံ ဗိုလ်တေဇာ က ပြောဆိုသည်။
ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန် Eagle Revolutions Force local တပ်ပေါင်းစုမှ ရဲဘော်များက စည်ပင်ရုံးနှင့် အမှတ် ၃ ရဲစခန်းတို့ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေမသိရှိရသော်လည်း ပေါက်ကွဲမှု များဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။
“ဒီမနက်ပိုင်းမှာပဲ စည်ပင်ရုံးနဲ့ အမှတ် ၃ ရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာပါ။ အထိအခိုက်အကျ အဆုံးကတော့ မသိရသေးပါဘူး။ စစ်ကိုင်းတိုက်နယ် Eagle Revolutions Force local အဖွဲ့ရဲ့ မစ်ရှင်ဖြစ်ပါတယ်” ဟု ဗိုလ်တေဇာက ဆိုသည်။
စစ်ကိုင်းမြို့မှ ပြည်သူတချို့ကလည်း ယနေ့ နံနက် ၄ နာရီကျော်အချိန် စစ်ကိုင်းမြို့တွင် ပေါက်ကွဲသံတချို့ ဖြစ်ပေါ်ခဲ့ပြီး မြို့ထဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လှည့်လည် ကင်းလှည့်မှုများ တွေ့မြင်ရကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။


Leave a Reply