တီးတိန်တွင် ထွက်ပြေးနေသည့် စစ်သုံ့ပန်းများ ပစ်ခတ်မှုကြောင့် ခရစ်ယာန်အသင်းအုပ်ဆရာ ကွယ်လွန်၊ အကိုဖြစ်သူ ဒဏ်ရာရဟုဆို
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများ ထွက်ပြေးလွတ်မြောက်နေပြီး ၎င်းတို့၏ ပစ်ခတ်မှုကြောင့် ခရစ်ယာန်အသင်းအုပ်ဆရာတဦး ကွယ်လွန်၍ အကိုဖြစ်သူ ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။
တီးတိန်မြို့နယ်အခြေစိုက် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၈၀ ခန့်သည် စက်တင်ဘာ ၁၃ ရက်တွင် အချုပ်စောင့် ရဲဘော်ကို တိုက်ခိုက်ပြီး လက်နက်များ ယူဆောင်ကာ ထွက်ပြေးခဲ့ကြသည်။
ယင်းနောက် လမ်းဇန်ကျေးရွာ နှစ်ခြင်းအသင်းတော်မှ ဘာသာရေးကိစ္စဖြင့် ခရီးသွားနေသည့် သိက္ခာတော်ရအသင်းအုပ်ဆရာ ဒါလ်ထောင်မ်တွမ်နှင့် အကိုဖြစ်သူတို့ကို စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် စစ်သုံ့ပန်းများက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ထွက်ပြေးသွားတဲ့ကောင်တွေနဲ့ နောက်ကလိုက်ဖမ်းတဲ့အဖွဲ့တွေထိတွေ့ခဏဖြစ်သွားတာရှိတယ်၊ အဲဒါပြီးတဲ့ အချိန် အသင်းအုပ်ဆရာက အဲဒီနေရာဘက်အသွား သတင်းထောက်လှမ်းတဲ့လူထင်ပြီး သုံ့ပန်းတွေက ပစ်သွားတာ” ဟု ချင်းကာကွယ်ရေး စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ကွယ်လွန်သွားသည့် အသင်းအုပ်ဆရာတော်၏ ရုပ်အလောင်းကို လမ်းဇန်ကျေးရွာမှ ဇိုမီးလူငယ်အသင်းထံသို့ ချင်းကာကွယ်ရေးတပ်ဖွဲ့များက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အသင်းအုပ်ဆရာ ကွယ်လွန်ခဲ့မှုအပေါ် လမ်းဇန်ရွာ ဇိုမီးလူငယ်အသင်းမှ ဝမ်းနည်းကြောင်း စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကွယ်လွန်သူ၏ မိသားစုဝင်များကို “ဘုရားသခင်က လုံလောက်သောနှစ်သိမ့်ပေးပါစေ” ဟု မေတ္တာပို့ ဆုတောင်းထားပြီး စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် ဈာပနအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း လူငယ်အသင်းက အသိပေးထားသည်။
ထွက်ပြေးလွတ်မြောက်နေသည့် စစ်သုံ့ပန်းများကို PDF – Zoland တပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် လိုက်လံရှာဖွေလျက်ရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
အဆိုပါ စစ်သုံ့ပန်းများ လွတ်မြောက်မှုနှင့် ပတ်သက်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ လုံခြုံရေးပေါ့လျော့မှုအပေါ် ဝေဖန်မှုများ ရှိနေပြီး အခြားတဖက်တွင် ဂျနီဗာကွန်ဗင်းရှင်းပါ စစ်သုံ့ပန်းဆိုင်ရာ ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားခြင်းကို ခုခံကာ ထွက်ပြေးသူများအား လူသားချင်းစာနာရန် မလိုကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ပန်းများသည် ကလေးမြို့နှင့် တီးတိန်မြို့အကြား စစ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အချက်အချာကျသည့် ချင်းပြည်နယ်၏ ဒုတိယအမြင့်ဆုံး ကနေဒီတောင်တိုက်ပွဲနှင့် နယ်မြေစိုးမိုးရေး စစ်ကြောင်းများ ဖြစ်ပွားသော တိုက်ပွဲများမှ ဖမ်းဆီးရမိထားသူများ ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ – လမ်းဇန်ကျေးရွာနှစ်ခြင်းအသင်းတော်မှ အသင်းအုပ်ဆရာ ဒါလ်ထောင်မ်တွမ် ။(ZYA Lamzang)



Leave a Reply