လှိုင်သာယာတွင် လူငယ်တစ်ဦးကို ဖမ်းဆီး၍ လူသတ်အလောင်းဖျောက်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖမ်းဆီး
ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အပေါင်းပါများ ယနေ့ (စက်တင်ဘာ ၁၅) နံနက်ပိုင်းက ဖမ်းဆီးခံကြောင်း သိရပါတယ်။
“စစ်မှုထမ်းအတွက် လူငယ်တစ်ဦးကို ဖမ်းတယ်။ လူငယ်ကို ရပ်ကွက်ရုံးမှာ ရိုက်နှက်တော့ ရုံးထဲမှာ သေဆုံးသွားတယ်။ ဒါကို တစ်နေကုန် ထားရှိခဲ့ပြီး ညသန်းခေါင်ကျော်ပြီး၍ နောက်တစ်နေ့နံနက် (၂)နာရီခန့်တွင် CCTV ကင်မရာပိတ်၊ မီးအမှောင်ချ၍ ၎င်းအလောင်းကို ကားနောက်ဖုံးထဲထည့်၍ FMI နှင့် ရှမ်းကျောင်းကျေးရွာနှစ်ခု ဘေးရှိ ဆိပ်ကမ်းသာပတ်လမ်း ခြုံပုတ်တွင် မှောက်လျက်အနေအထားဖြင့် သွားရောက်စွန့်ပစ်ခဲ့တယ်”ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့တော့ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် လူသတ်အလောင်းဖျောက်ရာတွင် ပါဝင်သူများကို ဖမ်းဆီးပြီး စစ်ဆေးနေတယ်။ ၎င်းတို့ကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ (ပ)၁၀၇၉/၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၅၊ ၃၀၄၊ ၂၀၂၊ ၁၁၄ ဖမ်းဆီးနှိပ်စက်မှု၊ လူသတ်မှု၊ အလောင်းဖျောက်တို့ နဲ့ ကနဦး အမှုဖွင့် စစ်ဆေးနေတယ်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောပါတယ်။
မယု(မရမ်းကုန်း)



Leave a Reply