စစ်သင်္ဘောလုံခြုံရေးလုပ်နေတဲ့ Y-12 လေယာဉ်ပစ်ခတ်ခံရပြီးထိမှန်ဟုကနဦးသတင်းရ
ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာဖွေ
ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြား စစ်သင်္ဘောလုံခြုံရေးအတွက်ဗုံးလိုက်ကြဲနေ တဲ့ စစ်တပ်ရဲ့ Y12လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ကပစ်ခတ်ခဲ့ရာ ထိမှန် မီးခိုးအူသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၁၆ရက်မနက်မှာ စစ်သင်္ဘောတွေဟာ ဗန်းမော်ဘက်ကနေ ရွှေကူမြို့ဘက်ကို စုန်းဆင်းလာတာရှိသလို ရွှေကူကနေလည်း ဗန်းမော်မြို့ဘက်ကို ဆန်တက်တာရှိကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တာရှိသလို စစ်တပ်ရဲ့သင်္ဘောလမ်းကြောင်းလုံခြုံရေးအတွက် လာတဲ့ လေယာဉ်ကိုလည်း တိုက်ခိုက်ခဲ့တာလို့ ကနဦးသတင်းရရှိခဲ့တာပါ။
“ဒီမနက် Y12 ၁စီးကတော့ ထိသွားတာ ထိသွားပြီး စောင်းသွားတယ်။ မီးခိုးတလူလူနဲ့။ ရွာသားတွေမြင်တာကတော့ ကျသွားပြီလို့ ပြောတယ်။ တောင်ပေါ်ဘက်မှာ။ ရွာမရှိဘူး အဲဒီ တောင်ပေါ်ဘက် အဝေးကြီး အဲဒါ သွားစစ်ဆေးနေတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
KIA ပူးပေါင်းတပ်အနေနဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ်ကို လာကတည်းက သင်္ဘောတွေကို တိုက်ခိုက်ခဲ့သလို သင်္ဘောလုံခြုံရေးလိုက်ပါလာတဲ့ လေယာဉ်တွေကို စက်သေနတ်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာရှိခဲပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း စစ်တပ်လေယာဉ်ကို KIA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့တဲ့ ရုပ်သံတွေထွက်ပေါ်ခဲ့ဖူးပေမဲ့ ထိခိုက် ထိမှန်တဲ့ သတင်းတွေမကြားရဘဲ စက်တင်ဘာ ၁၆ ရက်မှာတော့ လေယာဥ် ၁ စီးကို ထိမှန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်က သယ်ယူပို့ဆောင်ရေးလေယာဥ်အဖြစ်အများဆုံးအသုံးပြုတဲ့ တရုတ်နိုင်ငံထုတ် Y-12 လေယာဥ်ကို အာဏာသိမ်းပြီးနောက်မှာ ပြန်လည်ပြုပြင်ပြီး ဗုံးကြဲလေယာဥ်အဖြစ်အဓိကအသုံးပြုနေတာဖြစ်ပါတယ်။
ကောင်းကင်အမြင့်မှာပဲ ပျံသန်းဗုံးကြဲလေ့ရှိတာကြောင့် တော်လှန်ရေးတပ်တွေကပစ်ချဖို့ခက်ခဲခဲ့ပါတယ်။
ဒါကြောင့် KIA ကပစ်ချနိုင်ခဲ့ရင် အာဏာသိမ်းပြီးနောက်ပိုင်း Y-12 လေယာဥ်ကိုပထမဆုံးပစ်ချနိုင်တာဖြစ်လာမှာဖြစ်ပါတယ် ။
စက်တင်ဘာ ၁၆ ရက်စစ်သင်္ဘောတွေ တိုက်ခိုက်ခံရမှု၊ လေယာဉ် ထိမှန်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တွေ နဲ့ လေယာဉ်တွေကိုတော်လှန်ရေးတပ်တွေက ပစ်ခတ်ဖျက်ဆီးတာမှာ KIA ကအစီးရေးအများဆုံးပစ်ချထားတာ ဖြစ်ပါတယ်။
၂၀၂၄ နှစ်ဆန်းပိုင်းက ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲမှာ စစ်တပ် တိုက်လေယာဉ် ၁စီးကို KIAက ပစ်ချခဲ့ဖူးပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA ပူးပေါင်းတပ်ပစ်ခတ်ဖျက်ဆီးနိူင်ခဲ့တဲ့ တိုက်လေယာဥ် ၊ရဟတ်ယာဥ်အနည်းဆုံး ၆ စီးရှိပြီဖြစ်ပါတယ်။
(စစ်တပ်ရဲ့ Y-12 လေယာဥ်တစ်စီး။ဓါတ်ပုံ-စစ်ကောင်စီ)



Leave a Reply