ရွှေကူမြို့မှ ဗန်းမော်မြို့သို့တက်လာသော စစ်သင်္ဘော ၃ စီးကို အနီးကပ် တိုက် ခိုက်မှု ၁ စီးနစ်မြုပ်သွားပြီး ၂ စီးပြန်လှည့်သွား
ဗန်းမော်မှ ဆင်းလာသော စစ် သင်္ဘော ၇ စီးလည်း တိုက်ခိုက်ခံရပြီး တချို့သင်္ဘောများ နစ်မြုပ်သွား
ကချင်ပြည်နယ်၊ရွှေကူမြို့မှ ဗန်းမော်မြို့သို့တက်လာသော စစ်သင်္ဘော ၃ စီးကို တိုက်ခိုက်မှု ၁ စီးနစ်မြုပ်သွားပြီး ၂ စီးပြန်လှည့်သွားကြောင်း KIA ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း ရွှေကူမြို့မှ စစ်သင်္ဘော ၃ စီးသည် ဗန်းမော်မြို့သို့ ထွက်ခွာလာစဉ် ရွှေကူမြို့နယ်၊ ဝဲမကြီးကျေးရွာအရောက် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရ သင်္ဘော ၁ စီးမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် နစ်မြုပ်သွားကြောင်း၊ ကျန် သင်္ဘော ၂ စီးမှာလည်း နောက်ပြန်လှည့်သွားကြောင်း သိရှိရသည်။
“ရွှေကူတက်လာတာ ဗန်းမော်ဘက်ကို ဦးတည်နေတာ။ အဲဒါကို ကြားဖြတ်တိုက်ခိုက်ကာ သင်္ဘော ၁ စီးကို အနီးကပ်တိုက်ခိုက်နိုင်ခဲ့တယ်။ အဲဒီသင်္ဘောက နစ်မြုပ်သွားတယ်။ ကျန်တဲ့ သင်္ဘော ၂ စီးက ရှေ့ဆက်မတက်ရဲတော့ဘဲ ရွှေကူဘက်ကို နောက်ပြန်လှည့်သွားပါတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဗန်းမော်မြို့မှ သင်္ဘော ၇ စီးကလည်း ပြန်လည် စုန်ဆင်းလာရာ စင်းခန်းတံတားအနီးနှင့် ဇင်းဘုံအနီးတွင် KIA ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ရာ သင်္ဘော ၄ စီးနစ်မြုပ်သွားခဲ့ကြောင်း သိရှိရသည်။
“သင်္ဘော ၇ စီးကလည်း ဗန်းမော်ကနေ ဆင်းလာတာ။ အဲဒါကိုလည်း တော်ကလျှောက် တိုက်ခိုက်တာ။ စင်းခန်းတံတားနားမှာ ၁ စီးမြုပ်တယ်။ ဇင်းဘုံနားမှာလည်း သင်္ဘောတွေမြုပ်တယ်။ ၄ စီးမြုပ်တယ်။ ကျန်တာတွေလည်း တစ်ဝက်ပေါ် တစ်ဝက်မြုပ်တွေပဲ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။
ယင်းအပြင် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီအချိန် ဗန်းမော်မြို့မှ စုန်ဆင်းလာသော စစ် သင်္ဘော ၁ စီးကို KIA ပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော နစ်မြုပ်သွားခဲ့သည်။
စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ရွှေကူနှင့် ဗန်းမော်အကြားတွင် သင်္ဘော ၄ စီးကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ စစ်သင်္ဘောအုပ်စုက မန္တလေးမှ ဗန်းမော်မြို့သို့ ရိက္ခာ၊ လက် နက်ခဲယမ်းများနှင့် စစ်ကူများ ပေးပို့နေချိန် KIA ပူးပေါင်းတပ်များက တောက်လျှောက် တိုက်ခိုက်ဖျက်ဆီးနေခြင်းဖြစ်သည်။



Leave a Reply