ရွှေဘိုမှာ ဘုန်းကြီးကျောင်း အလှူပွဲကို စစ်အုပ်စု ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် အပါအဝင် သုံးဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရ
အညာဒေသ ဘုန်းကြီးကျောင်းနဲ့ အလှူပွဲတွေကို စစ်အုပ်စုက ပိုမို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်လာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ဒီကနေ့ အလှူပွဲကျင်းပနေချိန် အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ် ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော်နဲ့ အလှူပွဲလာ ပြည်သူ နှစ်ဦး၊ စုစုပေါင်း သုံးဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၆ရက် ဒီကနေ့ နေ့လည်ပိုင်းအချိန် အဆိုပါ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ကျေးရွာလူထုအတွက် လိုအပ်နေတဲ့ ရေသန့်စက်ရုံ တည်ဆောက်ပြီးစီးလို့ ဖွင့်ပွဲ၊ အလှူပွဲ ကျင်းပနေချိန် စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
“ဘုန်းကြီးက ဦးစီးပြီး ရေသန့်စက်ရုံ ဆောက်ထားတာ။ ဒီနေ့က ဖွင့်ပွဲလုပ်တာ။ ရွာထဲက လူတွေလည်း လာကြတာပေါ့။ စက်ရုံကလည်း ရွာအတွက် လုပ်ပေးတာ။ လူစုနေချိန်ကြဲသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးထိမှန်လို့ ကျောင်းထိုင် ဆရာတော်ဖြစ်တဲ့ သက်တော် ၄၃ နှစ်ရှိ ဉူးပညာသီရိ ပျံလွန်တော်မူသလို အလှူပွဲလာ ရွာသူရွာသားတွေထဲက အသက် ၆၅ နဲ့ အသက် ၆၀ အရွယ် အမျိုးသားကြီး နှစ်ဦး သေဆုံးပြီး နောက်ထပ် ရှစ်ဦး ဒဏ်ရာရကာ ဘုန်းကြီးကျောင်းရဲ့ ပင်မကျောင်းဆောင်ကြီးနဲ့ သာသနိကအဆောက်အအုံတွေလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ မိတ္ထီလာမြို့ကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း အလှူပွဲကို ဗုံးသုံးလုံး ကြဲချတိုက်ခိုက်တာလို့ ရွှေဘိုမြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ရွှေဘိုမြို့နယ်အတွင်း စစ်ရေးလှုပ်ရှာမှုတွေ မရှိ၊ တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်တာ ဖြစ်သလို အရပ်သားပြည်သူ စုဝေးနေတဲ့ ဘုန်းကြီးကျောင်းကို အဓိက ပစ်မှတ်ထားကာ သုံးကြိမ်အထိ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် တမင်ရည်ရွယ်ချက်ရှိရှိ ပြည်သူကို ဗုံးကြဲတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နှမစားရစ်ကျေးရွာဟာ ရွှေဘိုမြို့အနောက်မြောက်ဘက် ၁၀ မိုင်ဝန်းကျင်အကွာမှာ တည်ရှိပြီး ဘေးပတ်ဝန်းကျင်မှာ ပန်းရံ၊ သီးလုံး၊ တယ်သီးတော၊ ညောင်ကိုင်း၊ ညောင်ပင်လှ စတဲ့ ပျူစောထီးရွာတွေ ရှိပါတယ်။
စစ်အုပ်စုဟာ အဲ့ဒီ ရွှေဘိုနယ်က ပျူစောထီးတွေကို စစ်သင်တန်းပေး၊ လက်နက်ထုတ်ပေးကာ စစ်အုပ်စုနဲ့အတူ ဒေသတွင်း ရွာစဉ်ပတ်မွှေ ဖောက်ထွင်းလုယက်၊ မီးရှို့တာတွေ ကျူးလွန်စေပြီး ခိုးရာပါ ပစ္စည်းတွေ ခွဲဝေထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုနဲ့ ပျူတွေဟာ အာဏာသိမ်းစ အစောပိုင်းနှစ်တွေအတွင်း နှမစားရစ်ကျေးရွာကို စီးနင်းလုယက်ကာ လူသတ်၊ မီးရှို့တာတွေ ကျူးလွန်ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ယခုလတွေအတွင်း အညာဒေသ ဘုန်းကြီးကျောင်းနဲ့ အလှူပွဲတွေကို ပိုမို ပစ်မှတ်ထားကာ ဗုံးကြဲသတ်ဖြတ်နေလို့ ပြည်သူတွေ အထူးသတိထားကြဖို့ အညာဒေသခံတွေ အချင်းချင်း တိုက်တွန်းနေကြပါတယ်။

စစ်အုပ်စုဟာ ဩဂုတ် ၂၁ ရက်၊ ဥပုသ်နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ ဘုန်းကြီးကျောင်းမှာ နှစ်စဉ်ကျင်းပမြဲ ဝါတွင်းကာလ တရားစခန်းကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလို့ တရားစခန်းဝင် အဖိုးအဖွားတွေ အပါအဝင် ရွာခံပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၆ ရက်ကလည်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေထိုင်ရာ ရွာသစ်တော တောရဘုန်းကြီးကျောင်းကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် အပါအဝင် လေးဦး ပွဲချင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။
ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း အလှူပွဲကို စစ်အုပ်စုက တိုက်လေယာဥ်နဲ့ ဗုံးကြဲလို့ ထိခိုက်သေဆုံးသူနဲ့ ပျက်စီးမှူတွေ တွေ့ရစဉ်/Photo – ဒေသခံ (ပေးပို့)



Leave a Reply