သရက်ခရိုင်အတွင်း စစ်ရေးတင်းမာနေချိန် PDF တပ်ဖွဲ့ဝင် ၆ ဦး အကြမ်းဖက်စစ်တပ်ထံ ဘက်ပြောင်း
မကွေးတိုင်း၊ သရက်ခရိုင်အတွင်း စစ်ရေးတင်းမာနေချိန် အကြမ်းဖက်စစ်တပ်လက်အောက်ကို တပ်ဖွဲ့ဝင် ၆ ဦး လက်နက်တွေနဲ့အတူ ထွက်ပြေးအညံ့ခံသွားကြောင်း သရက်ခရိုင် အမှတ်-၄တပ်ရင်းရဲ့ သတင်းတာဝန်ခံ ကိုမြတ်ကမောင်းကိုပြောပါတယ်။
သရက်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ PDF သရက်ခရိုင် အမှတ်- ၄ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင် ၆ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ပထမပတ်အတွင်းမှာပဲ အကြမ်းဖက်စစ်တပ်ရှိရာကို လက်နက်တွေနဲ့အတူ ထွက်ပြေးဘက်ပြောင်းသွားတယ်လို့ သိရပါတယ်။
အညံ့ခံဘက်ပြောင်းသွားသူတွေကတော့ ရန်ပိုင်စိုး(ခ) ပိုင်လေး၊ လမင်းသန့်၊ ဇင်မိုးအောင်၊ မိုးထက်ကျော်၊ မျိုးထက်နိုင်နဲ့ သူထူးစံ တို့ဖြစ်ကြပြီး ပထမဆုံးထွက်ပြေးသွားတဲ့ ရန်ပိုင်စိုး(ခ) ပိုင်လေးရဲ့ ဆက်လက်ချိတ်ဆက်မှုကနေ နောက်ထပ်ရဲဘော် ၅ ဦး ပါ ထပ်လိုက်သွားခဲ့တာဖြစ်ကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းရဲ့ သတင်းတာဝန်ခံကိုမြတ်က ပြောပါတယ်။

“ရဲဘော်ပိုင်လေးက အရင်ဆုံးထွက်ပြေးတာ။ မင်းတုန်းနယ်ထဲက စကမလက်အောက်ကိုပြေးတာ။ သူကနေမှတဆင့် ဆက်လက်စည်းရုံးတယ်ပေါ့။ ငါအဆင်ပြေတယ်။ အေးဆေးဆိုပြီးပြောတော့ နောက်ရဲဘော်တွေကလည်းလိုက်သွားတာပါ” လို့ ကိုမြတ်ကမောင်းကိုပြောပါတယ်။
ဒါ့အပြင် အခုလက်ရှိထုတ်ပြန်ခဲ့တဲ့ တပ်သား ၆ဦးဟာ သရက်ခရိုင်အမှတ်-၄တပ်ရင်းကနေ အကြမ်းဖက်စစ်တပ်ဆီထွက်ပြေးတဲ့ ဒုတိယမြောက် အုပ်စုဖြစ်ပြီး အရင်ထွက်ပြေးသွားပြီးသူတွေရဲ့ ဖြားယောင်းသွေးဆောင်ခံရတာတွေကြောင့် အခုလို သစ္စာဖောက်ထွက်ပြေးသွားတာလို့ ကိုမြတ်ကဆက်ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အညံ့ခံလာသူတွေကို မူးယစ်ဆေးဝါးနဲ့ အရက်သေစာတွေ စိတ်ကြိုက်အသုံးပြုခွင့်ပေးတယ်ဆိုတဲ့ မက်လုံးပေးဝါဒဖြန့်မှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။
“ကျနော်တို့တော်လှန်ရေးတပ်တွေဆိုတာ လစာအခွင့်အရေးရတာမဟုတ်ဘူး။ ခံယူချက်နဲ့ စိတ်ဓာတ်ကြောင့်လုပ်ကြရတာ။ ဒီနေရာမှာ ကာလတစ်ခုကြာ ထုတ်ပြန်နေတဲ့ စစ်တပ်ရဲ့ဝါဒဖြန့်အမှားတွေကို တောင့်ခံဖို့ခက်ခဲတယ်။ တော်လှန်ရေးရဲဘော်တွေဆိုတာ အခြေခံလူတန်းစားများတယ်။ တော်ရုံတန်ရုံစိတ်ဓာတ်နဲ့ ခံယူချက်မရှိရင် ရင်ဆိုင်ဖို့ခက်ပါတယ်” လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းရဲ့ သတင်းတာဝန်ခံကိုမြတ်ကပြောပါတယ်။
တပ်ဖွဲ့ဝင် ၆ ဦး အကြမ်းဖက်စစ်တပ်ရှိရာ ဘက်ပြောင်းသွားပြီးနောက်ပိုင်း သရက်ခရိုင်အတွင်းက မင်းတုန်း-သရက်လမ်းပိုင်းကို အကြမ်းဖက်စစ်တပ်က အင်အားထောင်ချီသုံးပြီး စစ်ကြောင်းထိုးဝင်ရောက်လာသလို တော်လှန်ရေးတပ်တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပုံစာ – အကြမ်းဖက်စစ်တပ်ထံ ဘက်ပြောင်းသွားသူများ။



Leave a Reply