AI နှင့် ချစ်ကြိုက်မိပြီး ချစ်သူလာမည်ထင်ကာ လေဆိပ်တွင် စောင့်နေသည့် အဘွားအိုတစ်ဦးကို ထိုင်းရဲများ အိမ်ပြန်ပို့ခဲ့ရ
ချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့သည် ချင်းမိုင်လေဆိပ် လုံခြုံရေးအဖွဲ့နှင့် ပူးပေါင်းကာ AI (ဉာဏ်ရည်တု) နည်းပညာအသုံးပြုဖန်တီးထားသည့် အွန်လိုင်းပေါ်မှ လူတစ်ဦးအဖြစ် ဟန်ဆောင်ထားသူ၏ လိမ်လည်မှုကို ခံခဲ့ရသည့် လမ်ပန်းခရိုင်မှ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို ကူညီပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် အဆိုပါ အမျိုးသမီးကြီးသည် မိမိအိပ်မက်ထဲက အမျိုးသားနှင့် တွေ့ဆုံနိုင်ရန် မျှော်လင့်ချက်ဖြင့် တစ်ဦးတည်း ခရိုင်ကျော်ခရီးထွက်ကာ ချင်းမိုင်လေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ အဆိုပါ အမျိုးသမီးကြီးကို ချင်းမိုင်လေဆိပ် ခရီးသည်ဝင်းအတွင်း လမ်းလျှောက်သွားလာနေသည်ကို တွေ့ရှိခဲ့ပြီး စိတ်ရှုပ်ထွေးနေသည့် အခြေအနေရှိခဲ့သည်ဟုဆိုသည်။
အဆိုပါ အမျိုးသမီးကြီးသည် အဓိကအားဖြင့် တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြု ပြောဆိုသူဖြစ်သဖြင့် ဆက်သွယ်ပြောဆိုရာတွင်လည်း အခက်အခဲရှိခဲ့သည်။
ကနဦး စစ်ဆေးမေးမြန်းမှုအရ အဆိုပါ အမျိုးသမီးကြီးသည် Facebook လူမှုကွန်ရက်ပေါ်မှ အကောင့်တစ်ခုကို တွေ့ရှိခဲ့ပြီး “Chai” ဟု အမည်ပေးထားသူနှင့် ရင်းနှီးချစ်ခင်သွားခဲ့ကာ၊ အဆိုပါအကောင့်ပိုင်ရှင်က မိမိကိုယ်ကို လေယာဉ်မှူးတစ်ဦးဖြစ်ကြောင်း ပြောဆိုထားသည်။
သို့သော် အမျိုးသမီးကြီးက အဆိုပါအကောင့်တွင် အသုံးပြုထားသည့် ဓာတ်ပုံများနှင့် အချက်အလက်များသည် အမှန်တကယ်ရှိသည့် လူတစ်ဦး၏ အချက်အလက်များမဟုတ်ဘဲ AI နည်းပညာဖြင့် ဖန်တီးထားသည့် အယောင်ဆောင်ဇာတ်ကောင်တစ်ဦး ဖြစ်ကြောင်း မသိရှိခဲ့ပေ။
ထို့ကြောင့် အဆိုပါအမျိုးသမီးကြီးသည် “Chai” နှင့် တွေ့ဆုံရန် မျှော်လင့်ချက်ဖြင့် လမ်ပန်းမှ ချင်းမိုင်သို့ ဘတ်စ်ကားစီးလာခဲ့ပြီး ထိုမှတစ်ဆင့် ချင်းမိုင်လေဆိပ်သို့ ဆက်လက်သွားရောက်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီးကြီးကို တွေ့ရှိပြီးနောက် ခရီးသွားရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက ၎င်း၏သားဖြစ်သူထံ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း၊ မိသားစုဝင်များအနေဖြင့် အမျိုးသမီးကြီး တစ်ဦးတည်း အပြင်ထွက်ပြီး အခြားခရိုင်သို့ ခရီးထွက်လာခဲ့သည်ကို ကြိုတင်မသိရှိခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများက အမျိုးသမီးကြီးအတွက် အစားအစာ၊ သောက်ရေ၊ စောင်များ ပေးအပ်ခဲ့ပြီး လေဆိပ်လုံခြုံရေးအဖွဲ့ကလည်း လေဆိပ်အဆောက်အအုံအတွင်းရှိ ယာယီအနားယူနိုင်သည့် နေရာတွင် လုံခြုံစွာ နားနေနိုင်ရန် စီစဉ်ပေးခဲ့သည်။
ထို့နောက် စက်တင်ဘာ ၁၇ ရက်တွင် အမျိုးသမီးကြီးကို မိသားစုထံ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများကလည်း လူမှုကွန်ရက်များ အသုံးပြုနေသည့် မိသားစုအတွင်းရှိ သက်ကြီးရွယ်အိုများကို မိသားစုဝင်များအနေဖြင့် ပိုမိုအနီးကပ် စောင့်ကြည့်ဂရုစိုက်ပေးကြရန် တိုက်တွန်းထားသည်။
အရေးပေါ်အကူအညီ လိုအပ်ပါက ခရီးသွားရဲတပ်ဖွဲ့ အရေးပေါ်ဖုန်း ၁၁၅၅ သို့ ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားသည်။



Leave a Reply