ရာထူးတိုးနဲ့ ပြောင်းလာတာ မကြာသေးတဲ့ ဒုညွှန်မှူးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရုံးထဲအထိ ဝင်ရောက်ဖမ်းဆီးသွား
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဆည်မြောင်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ပိုင် ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ရုံးထဲအထိ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်က ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံအနီးရှိ ဆည်မြောင်းဦးစီးဌာနရုံးထဲကို အမည်မသိလက်နက်ကိုင် လူငယ်အဖွဲ့တခုက ဝင်ရောက်လာကာ
ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ပိုင် ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

“ဒီကို ရာထူးတိုးနဲ့ ပြောင်းလာတာ ၂ လလောက်ပဲ ရှိသေးတယ်၊ တခြားလူတွေနဲ့ ပြဿနာတက်ထားတာ မရှိဘူး၊ အဲ့နေ့က ဆိုင်ကယ်တွေနဲ့ ရုံးထဲရောက်လာပြီး ဒုညွှန်မှူးကို ဖမ်းသွားတာ၊ ဒီနေ့အထိ မိသားစုနဲ့ကော ရုံးကလူတွေနဲ့ကော အဆက်သွယ် မရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်ဆီးခံရသူ ဆည်မြောင်းမှ ဒုတိယညွှန်ကြားရေးမှုး ဦးအောင်ပိုင်ဟာ ဟားခါးမြို့ကို ပြီးခဲ့တဲ့စက်တင်ဘာ လကုန်ပိုင်းလောက်ကမှ ရောက်ရှိလာတာလို့သိရပြီး မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။
ဟားခါးမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၁၇ ရက်နေ့ကလည်း အမှတ်(၁၄)လုံခြုံရေးရဲတပ်ဖွဲ့(ခွဲ) တပ်ရင်းမှူး ဒုတိယရဲမှူးကြီး ဇော်ဇော်အောင်နဲ့ နယ်ထိန်းတဦးတို့ အရပ်ဝတ်နဲ့ မြို့ထဲလှည့်လည်နေချိန် သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။
အလားတူ မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ဆည်မြောင်း နဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဦးစီးအရာရှိ (လျှပ်စစ်) ဦးဇင်မင်းထိုက် ကို စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားခဲ့သေးတယ်လို့ သိရပါတယ်။



Leave a Reply