အမေရိကန်က မြန်မာနိုင်ငံကို မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် အဓိကနိုင်ငံစာရင်းတွင် ထည့်သွင်း
စစ်ကောင်စီက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လိုက်နာဖို့ ပျက်ကွက်ခဲ့ဟုဆို

သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံကို အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်တာနဲ့ ဖြတ်သန်းသယ်ဆောင်တဲ့နိုင်ငံအဖြစ် သတ်မှတ်လိုက်ပြီး စစ်ကောင်စီဟာမူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်တွေကို ဆောင်ရွက်ဖို့ ထင်ရှားစွာပျက်ကွက်ခဲ့တယ်လို့ အမေရိကန်အစိုးရက စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံဟာ ၂၀၂၇ ဘဏ္ဍာနှစ်အတွက် အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်တာ ဒါမှမဟုတ် ဖြတ်သန်းသယ်ဆောင်တဲ့ အဓိကနိုင်ငံအဖြစ် သတ်မှတ်လိုက်တာပါ။
အဲဒီလို သတ်မှတ်ခံရတဲ့ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ဘာဟားမား၊ ဘလိဇ်၊ ဘိုလီးဗီးယား၊ မြန်မာ၊ တရုတ်၊ ကိုလံဘီယာ၊ ကော့စတာရီကာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂွါတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွာ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူးနဲ့ ဗင်နီဇွဲလား တို့ဖြစ်ပါတယ်။

အဲဒီ ၂ နိုင်ငံထဲက မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယားနဲ့ ကိုလံဘီယာ နိုင်ငံတို့ကတော့ လွန်ခဲ့တဲ့ ၁၂ လအတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သဘောတူညီချက်တွေအောက်က သူတို့ရဲ့ တာဝန်တွေကို လိုက်နာဖို့နဲ့ လိုအပ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအမံတွေကို ဆောင်ရွက်ဖို့ သိသိသာသာ ပျက်ကွက်ခဲ့ကြတယ်လို့ ပါရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီဟာ မူးယစ်ဆေးဝါးကို နှိမ်နင်းဖို့ သိသာထင်ရှားတဲ့ ကြိုးပမ်းမှုမျိုး မလုပ်ခဲ့တာကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှု အများဆုံးနဲ့ စိတ်ကြွဆေး တင်ပို့မှု အများဆုံး နိုင်ငံတွေထဲက တစ်ခု ဖြစ်လာခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အမေရိကန်က ဘိုလီးဗီးယား၊ မြန်မာနဲ့ ကိုလံဘီယာတို့ကို အကူအညီတွေ ထောက်ပံ့ပေးနေတာဟာ လက်ရှိမှာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အလွန်အရေးကြီးတယ်လို့လည်း သမ္မတထရမ့်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးဟာ စစ်အာဏာသိမ်းပြီးနောက်မှာ ပိုမိုတွင်တွင်ကျယ်ကျယ်ပေါများလာခဲ့ပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်မားနေပေမဲ့ WY ဆေးပြားလို မူးယစ်ဆေးဝါးတွေရဲ့ ဈေးနှုန်းတွေကတော့ အာဏာမသိမ်းခင်ကထက် ဈေးပေါလာပြီး ပိုမိုပေါ်ပေါ်ထင်ထင်ဝယ်လို့ရတဲ့ အခြေအနေအထိရောက်လာတယ်လို့ သိရပါတယ်။
စစ်ကောင်စီကတော့ သူတို့ထိန်းချုပ်ထားတဲ့မြို့တွေမှာ မူးယစ်ဆေးဝါးကိစ္စကို လစ်လျူရှုထားတဲ့အပြင် စစ်ကောင်စီတပ်သားနဲ့ ရဲတွေ ကိုယ်တိုင်ကလည်း မူးယစ်ဆေးဝါး သယ်ဆောင်တာနဲ့ အသုံးပြုတာနဲ့ မူးယစ်ဆေးဝါးကုန်သည်တွေနဲ့ အပေးအယူ လုပ်ဆောင်နေတယ်လို့ အခြေအနေကို သိရှိထားသူတွေက ဆိုပါတယ်။



Leave a Reply