စစ်တွေ-ပုဏ္ဏားကျွန်း စစ်မျက်နှာ၌ စစ်ကောင်စီ၏ “၄၉၂၆ စစ်ဆင်ရေး” ပြိုလဲပြီး ရာနှင့်ချီသေဆုံး၊ AA က စခန်း ၄ ခုထက်မနည်း သိမ်းပိုက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ စစ်ကောင်စီက အင်အားထောင်ချီ အသုံးပြုကာ ထိုးစစ်ဆင်ခဲ့သည့် “၄၉၂၆ စစ်ဆင်ရေး” မှာ နှစ်ပတ်အတွင်း အထိနာပြိုလဲခဲ့ပြီး ရှေ့မတိုးနိုင်ဘဲ ပြန်လည်တပ်ဆုတ်နေရကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီတပ်သည် အဆိုပါ “၄၉၂၆ စစ်ဆင်ရေး” ကို စက်တင်ဘာလ ၄ ရက်တွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းအင်အားဖြင့် စတင်ထိုးစစ်ဆင်ခဲ့သော်လည်း AA ၏ ကြားဖြတ်တိုက်ခိုက်မှုနှင့် ပြင်းထန်သော တန်ပြန်ထိုးစစ်များကြောင့် စစ်ဆင်ရေးပထမရက်မှာပင် တပ်စွဲထားသည့် အမြင့်ကျွန်းတံတားကို လက်လွှတ်ကာ ဆုတ်ခွာခဲ့ရသည်။
ထို့ပြင် ရွှေမင်းဂံရေတပ်စခန်းမှတစ်ဆင့် ဝါဘိုကျွန်းအနီးရှိ အောင်မြေကုန်း၊ ဆားပို့တောင်နှင့် ရဲရိုးပြင်ရွာဝန်းကျင်သို့ စစ်ကျွံလာသော စစ်ကောင်စီစစ်ကြောင်းမှာလည်း AA ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်တော့ဘဲ ရဲရိုးပြင်ရွာအနီးတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
စစ်ဆင်ရေး နှစ်ပတ်တာကာလအတွင်း စစ်တွေစစ်မျက်နှာ၌ စစ်ကောင်စီဘက်မှ နေ့စဉ် ဆယ်ဂဏန်းမှသည် စုစုပေါင်း ရာနှင့်ချီ သေဆုံးခဲ့သည့်အပြင် လက်နက်ချ အလင်းဝင်သူများလည်း ရှိနေကြောင်း သိရသည်။
တိုက်ပွဲတစ်ပတ်ကျော်အတွင်း အာရက္ခတပ်တော် (AA) သည် စစ်ကောင်စီ၏ အမြင့်ကျွန်းတံတား၊ ရွှေမင်းဂံရေတပ်အနီး ကံ့ကော်ကျွန်းဝန်းကျင် ကာကင်းစခန်းများနှင့် ပုဏ္ဏားကျွန်းဘက်ခြမ်းရှိ စပါးထား၊ ဆားပို့တောင်၊ ခမောင်းတောရွာဝန်းကျင် ခြေကုတ်စခန်းများအပါအဝင် အနည်းဆုံး စခန်း ၄ ခုထက်မနည်းကို သိမ်းပိုက်ရရှိထားသည်။
ထို့အပြင် စစ်တွေမြို့နယ်အတွင်းရှိ ပါဒလိတ်တပ်ရင်းအနီး အမြင့်ကျွန်းရွာဝန်းကျင်၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ – စစ်တွေ)၊ ကျားမသောက်တပ်ရင်းအနီး တောကန်ရွာဝန်းကျင်နှင့် ကံ့ကော်ကျွန်း၊ ဇော်မတက်ရွာအနီးရှိ စစ်ကောင်စီစခန်းများကိုလည်း AA က စစ်ရေးအသာစီးရယူကာ တန်ပြန်ထိုးစစ်ဆင်လျက်ရှိသည်။
မြေပြင်တွင် အထိနာနေသော စစ်ကောင်စီတပ်သည် စစ်တွေနှင့် ဆက်စပ်နေသည့် ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များကို လေကြောင်းနှင့် လက်နက်ကြီးများ အပြင်းအထန် အသုံးပြုကာ ပစ်ကူပေးတိုက်ခိုက်နေသည်။
စက်တင်ဘာလ ၁၇ ရက်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တိုက်ပွဲနယ်မြေများကို နံနက်နှင့် ညနေပိုင်းတို့တွင် ဂျက်ဖိုက်တာအုပ်စုလိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် နေ့လယ်ပိုင်းတွင် မြောက်ဦးမြို့ဝန်းကျင်ကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုမှာ ၅ ရက်ဆက်တိုက် ရှိလာပြီဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီသည် ရခိုင်နှင့် ရခိုင်နယ်စပ်ဒေသများကို စစ်ဆင်ရေးများဖြင့် ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသော်လည်း နှစ်ပတ်ကျော်ကြာသည်အထိ AA ၏ မည်သည့်စခန်းကိုမျှ ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ စခန်းများသာ ဆက်တိုက်လက်လွှတ်နေရသည်။
အလားတူ ကျောက်ဖြူမြို့နယ်အပြင် မကွေးတိုင်းရှိ ပဒါန်း၊ မင်းတုန်းနှင့် ဧရာဝတီတိုင်းရှိ ရေကြည်၊ သာပေါင်းမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် လက်နက်ချမှုများ ဆက်တိုက် များပြားလျက်ရှိသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် ၃ ခုမှအပ ကျန် ၁၄ မြို့နယ်အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်ထားသည်။



Leave a Reply