ခြင်ထောင်ထဲပိတ်လှောင်ပြီး သမီးငယ်ကို ရက်စက်ခဲ့သည့် ဖခင်အရင်းအား ခိုင်နှင်းဝေဂေဟာမှ တရားလိုပြုလုပ်၍ တရားစွဲဆို

အိမ်ဆိုတာ ကလေးငယ်တွေအတွက် အလုံခြုံဆုံး၊ အနွေးထွေးဆုံး နားခိုရာဖြစ်ရမယ့်အစား ဖခင်အရင်းရဲ့ ရက်စက်မှုတွေအောက်မှာ နေ့စဉ်နဲ့အမျှ ငရဲခန်းသဖွယ် ဖြတ်သန်းခဲ့ရတဲ့ ၈ နှစ်အရွယ် သမီးငယ်လေးရဲ့ ဖြစ်ရပ်ဆိုးဟာ ကြားရသူတိုင်း ရင်ကွဲမတတ်ပါပဲ။
ကယ်တင်နိုင်ခဲ့တဲ့ သတင်းကို မနေ့ညကတည်းက ကြားသိခဲ့ရပြီး ဝမ်းသာခဲ့ရပေမယ့်၊ အခုအခါမှာတော့ ပိုပြီးထိုက်တန်တဲ့ တရားမျှတမှုတစ်ခုကိုပါ ထပ်မံလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

သမီးငယ်လေးကို ခြင်ထောင်ထဲပိတ်လှောင်ပြီး ကြောက်လန့်တကြား ငိုကြွေးနေတဲ့ကြားက ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ဖခင်အရင်းဖြစ်သူကို “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” ကနေ ကိုယ်တိုင်တရားလိုပြုလုပ်ပြီး “ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှု” နဲ့ တရားစွဲဆိုမှုတွေ ဆက်လက်လုပ်ဆောင်နေပြီလို့ ဒီကနေ့နံနက်မှာ ထပ်မံအသိပေးလာပါတယ်။
ဖြစ်စဉ်ကို ပြန်ကြည့်ရင် အသက် ၈ နှစ်အရွယ်သာရှိသေးတဲ့ ဒီသမီးငယ်လေးဟာ ဘယ်သူ့ဆီကမှ အကူအညီမရနိုင်ဘဲ ဖခင်ဖြစ်သူဆီကနေ အကြောင်းမဲ့ မတရားရိုက်နှက်မှုတွေကို နေ့စဉ်ရက်ဆက် ခံစားခဲ့ရတာပါ။

ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေသာမက စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ပါ အချိန်ကြာမြင့်စွာ သည်းခံခဲ့ရတဲ့ ဒီအဖြစ်ဆိုးကနေ အခုတော့ ခိုင်နှင်းဝေဂေဟာရဲ့ အချိန်မီ သွားရောက်ကယ်တင်ပေးမှုကြောင့် သမီးငယ်လေး လွတ်မြောက်ခဲ့ပါပြီ။
လက်ရှိမှာတော့ ဒီအမှောင်မိုက်ဆုံး အချိန်ကာလတွေကို ကျော်လွန်ပြီး သမီးငယ်လေးကို “အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန” ကနေ ဘေးကင်းလုံခြုံစွာနဲ့ လွှဲပြောင်းထိန်းသိမ်းစောင့်ရှောက်ထားပြီ ဖြစ်ပါတယ်။

ကလေးငယ်တွေဆိုတာ လူကြီးတွေရဲ့ ဒေါသထွက်ရာ၊ စိတ်ထွက်ပေါက်လုပ်ရာ စတေးခံတွေ မဟုတ်ပါဘူး။
ဒါကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့ ပတ်ဝန်းကျင်မှာ အခုလို ကလေးသူငယ်တွေ ညှင်းပန်းနှိပ်စက်ခံနေရတာကို တွေ့ရှိပါက လျစ်လျူမရှုဘဲ နီးစပ်ရာကနေတစ်ဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ အမြန်ဆုံး အကြောင်းကြားတိုင်တန်းကြဖို့ ထပ်မံတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။




Leave a Reply