ညောင်ကျိုးတိုက်ပွဲတွင် စကခ (၁၀) တပ်မမှူးသေဆုံးအပြီး အစားထိုး အင်အားဖြည့်လာသည့် ခလရ (၉၂) မှ ဗိုလ်မှူးတစ်ဦး ထပ်မံသေဆုံး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်း – ညောင်ကျိုး စစ်မျက်နှာတွင် အာရက္ခတပ်တော် (AA)နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စကခ (၁၀) တပ်မမှူးကိုယ် တိုင် သေဆုံးထား၍ စစ်ဦးကျိုးကာ ပြန်ဆုတ်နေရသည့် စစ်တပ်အား အစားထိုး အင်အားဖြည့်ရန် ရောက်ရှိလာသည့် ပန်းတောင်းအခြေစိုက် ခလရ (၉၂) မှ ဗိုလ်မှူး ဝေကမ္ဘာစိုး ထပ်မံသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ပန်းတောင်းမြို့နယ် ညောင်ကျိုးရိုးပေါ်စစ် မျက်နှာတွင် စကခ (၁၀) လက်အောက်ခံတပ်များ စစ်ဦးကျိုးကာ အထိနာခဲ့သဖြင့် ဇူလိုင်လနှောင်းပိုင်းမှစ၍ နောက်တန်းသို့ ပြန်လည်ဆုတ်ခွာနေရစဉ် ပန်းတောင်းအခြေစိုက် ခလရ (၉၂) မှ စစ်ယာဉ်တန်း ၁၂ စီးဖြင့် အင်အားဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အစားထိုး ဝင်ရောက်လာသည့် တပ်ဖွဲ့များအနက် တပ်ချုပ်၏ ချီးကျူးဂုဏ်ပြုလက်မှတ် ရရှိထားဖူးသူ၊ စစ်တက္ကသိုလ် အပတ်စဉ် (၅၂) ဆင်း ခလရ (၉၂) မှ ဗိုလ်မှူး ဝေကမ္ဘာစိုးမှာ စစ်လော်ဘီများ ဝါဒဖြန့်နေသည့် ဆင်လန်ဘက်ခြမ်း တိုက်ပွဲများအတွင်း လက်နက်ကြီးစ ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။
“စစ်တပ်က စစ်ကြောင်းလိုက် တက်လာတာမှာ အထိ နာတော့ ထောက်ပို့စခန်းဆီ ဆုတ်ပြေးတယ်။ AA ဘက်က ချေမှုန်းရေးတပ်ဖွဲ့က လိုက်တိုက်တော့ အဲ့ဒီ ထောက်ပို့စခန်းရော ကပစ (၁၆) အနီးက ကာကင်းစခန်းပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်” ဟု မြေ ပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့အပြင် စက်တင်ဘာ ၄ ရက်နေ့မှစ၍ “၄၉၂၆ စစ် ဆင်ရေး၊ ရန်နိုင်အောင်” အမည်ဖြင့် အင်အား ၂၀၀ ကျော်အသုံးပြုကာ AA ထိန်းချုပ်ထားသည့် ကပစ (၁၆) အနီးရှိ ပွိုင့် (၆၆၆) စခန်းကို ပြန်လည်ရရှိရန် ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ ဆုတ်ခွာခဲ့ရသည်။
အဆိုပါ ဆုတ်ပြေးစစ်ကြောင်း တစ်ထောက်နားနေသည့် ထောက်ပို့စခန်းကုန်းအပါအဝင် ကပစ (၁၆) အနီးရှိ ကာကင်းစခန်း တစ်ခုကိုပါ အာရက္ခတပ်တော် (AA) က ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်တပ်သည် တိုင်းရင်းသားနယ်မြေ စစ်မျက်နှာအသီးသီး၌ ပင်မတပ်များ အထိနာနေ၍ တပ်မအင်အား မလုံလောက်တော့သဖြင့် စစ်သင် တန်းဆင်းစ ပြည်သူ့စစ် စစ်မှုထမ်းသစ်များကို ရှေ့ တန်းသို့ အသေခံ အဓိကတွန်းပို့နေပြီး ထိခိုက်သေဆုံးမှု များပြားနေပြီး အလောင်းများပင် မကောက်ယူနိုင်ဘဲ စစ်မြေပြင်တွင် ကျန်ရစ်နေကြောင်း သိရသည်။



Leave a Reply