လွိုင်လင် ဟွေးတောက်မူလွန်ကျောင်းတွင် ကျောင်းအုပ်ဆရာမက ကျောင်းသားတစ်ဦးကို ညိုမဲစွဲသည်အထိ ရိုက်နှက်
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ဟွေးတောက်မူလွန်ကျောင်းတွင် ကလေးငြိမ်ငြိမ်မနေသည်ဟုဆိုကာ ကျောင်းအုပ်ဆရာမဖြစ်သူက ကျောင်းသားတစ်ဦးကို ညိုမဲစွဲသည်အထိ ရိုက်နှက်ခဲ့ပြီး ဆေးကုသခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်သည် စက်တင်ဘာ ၁၇ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာမက ကျောင်းသားတစ်ဦးကို ရိုက်နှက်ခဲ့ခြင်းကြောင့် ကလေး၏ ခန္ဓာကိုယ်တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမမှုများ ဖြစ်ပွားနေခြင်းအပေါ် မိဘများနှင့် ဒေသခံအချို့က စိုးရိမ်နေကြပြီး ကလေးများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးရန် လိုလားနေကြသည်။

“ကလေးတွေကို ဒီလောက်အထိ ရိုက်နှက်တာကတော့ လွန်လွန်းတယ်။ ကလေးတောင် ဆေးခန်းသွားပြရတဲ့အထိ ဖြစ်သွားတယ်။ ကလေးတစ်ယောက်ကို ဆုံးမတယ်ဆိုတာနဲ့ ဒီလောက်အထိ ရိုက်နှက်လို့ရတာ မဟုတ်ဘူး။ တစ်ခုခု ထိခိုက်သွားရင် ဘယ်သူက တာဝန်ယူပေးမှာလဲ။ ဘယ်မိဘမဆို ကိုယ့်ကလေး ဒီလိုအရိုက်ခံရရင် စိတ်နာကြမှာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကလေးငယ်များ၏ အသက်အရွယ်နှင့် နားလည်နိုင်စွမ်းကို ထည့်သွင်းစဉ်းစားကာ စိတ်ရှည်ရှည်ဖြင့် သင်ကြားဆုံးမသင့်ပြီး ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းသည် ကလေးများ၏ ကိုယ်ခန္ဓာကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာအပေါ်တွင်လည်း ထိခိုက်မှုများ ဖြစ်စေနိုင်ကြောင်း မိဘများက ထောက်ပြကြသည်။

ကလေးငယ်များကို စာသင်ကြားပေးရမည့် ဆရာ၊ ဆရာမများအနေဖြင့် စည်းကမ်းထိန်းသိမ်းရာတွင် ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းမျိုး မပြုလုပ်သင့်ဘဲ ကလေးများ၏ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုပါ အလေးထားရန် လိုအပ်ကြောင်း ပညာရေးအသိုင်းအဝိုင်းတွင် ထောက်ပြမှုများ ရှိနေသည်။



Leave a Reply