ကျောက်တစ်လုံးကြီးတွင် အသက် ၇၂ အရွယ် အဖိုးအိုတစ်ဦးကို သမင်ဖြူများပေါက်သည်ဆိုကာ ရွာမှနှင်ထုတ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တစ်လုံးကြီးမြို့နယ်၊ ဆောင်ဖိုးကျေးရွာ (တခေါ့ရွာ) တွင် အသက် ၇၂ အရွယ် အဖိုးအိုတစ်ဦးကို သမင်ဖြူများပေါက်နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရွာသားများက နှင်ထုတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၈ ရက်တွင် ကျေးရွာသူကြီး၊ အုပ်ချုပ်ရေးမှုအဖွဲ့ဝင်များနှင့် ရွာသားများက နှင်ထုတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာသားများ၏ စိုးရိမ်မှု လျော့ပါးစေရန် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက လာရောက်စစ်ဆေးပြီး သမင်ဖြူရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည့် ရောဂါမဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သော် လည်း ရွာသားအချို့က လက်မခံဘဲ မောင်းထုတ်ရန် ဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အသက် ၇၂ အရွယ်ဆိုတာ သက်ကြီးရွယ်အိုတစ်ယောက်ပါ။ ဒီအရွယ်မှာ နေစရာတစ်ခုရှိပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့ပဲ လိုတာပါ။ သမင်ဖြူတွေပေါက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွာကနေ နှင်ထုတ်တာမျိုးက မဖြစ်သင့်ဘူးလို့ မြင်တယ်။ တကယ်လို့ ပြဿနာတစ်ခုခုရှိတယ်ဆိုရင်လည်း အဖိုးအိုရဲ့အခြေအနေကို ထည့်စဉ်းစားပြီး လူသားဆန်ဆန် ဖြေရှင်းသင့်တယ်။ အခုလိုလုပ်လိုက်တာက အဖိုးအိုအတွက် နေထိုင်ရေးအခက်အခဲတွေ အများကြီးဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောဆိုသည်။

မောင်းထုတ်ခံရသည့်အဖိုးအိုသည် လက်ရှိတွင် တောင်ယာခြံရှိတဲ၌ ခက်ခဲစွာ နေထိုင်နေရပြီး မိသားစုအနေဖြင့်လည်း စိုးရိမ်ပူပန်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ကျန်းမာရေးပညာရပ်အရ သမင်ဖြူရောဂါ (Vitiligo) သည် အရေပြားအရောင်ဖြစ်ပေါ်စေသည့် ဆဲလ်များ ပျက်စီးခြင်းနှင့် ကိုယ်ခံအားစနစ်ဆိုင်ရာ မူမမှန်မှုများနှင့် ဆက်စပ်သည့် အခြေအနေတစ်ရပ်ဖြစ်ပြီး လူတစ်ဦးမှတစ်ဦးသို့ ထိတွေ့မှုဖြင့် ကူးစက်သည့်ရောဂါ မဟုတ်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကာလအတွင်း တောင်ဝှေးကို အားပြုသွားလာနေရသည့် သက်ကြီးရွယ်အိုတစ်ဦးကို ရွာပြင်သို့ မောင်းထုတ်ရန် ကြိုးပမ်းမှုအပေါ် မိသားစုဝင်များက စိုးရိမ်ဝမ်းနည်းနေကြကြောင်း သိရသည်။

ထိုသို့သော အဖြစ်အပျက်များ ထပ်မံမဖြစ် ပွားစေရန် ဒေသခံများအကြား ရောဂါနှင့်ပတ်သက်သည့် မှန်ကန်သော ကျန်းမာရေးအသိပညာများ ပိုမိုရရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ကျန်းမာရေးပညာရှင်များနှင့် ဒေသခံအဖွဲ့အစည်းများက တိုက်တွန်းထားကြောင်း သိရသည်။



Leave a Reply