ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ အနီးရှိ ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား
ထောင်နှင့်ချီသော ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အစပ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ အနီးရှိ ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ ထောင်နှင့်ချီသော ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အစပ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ ၏ အနောက်ဘက်ခြမ်းရှိ ရွှေလောင်းကျေးရွာနှင့် ဘိုကုန်းကျေးရွာများအတွင်းသို့ အကြမ်းဖက် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်ရှိချိန်ထိ မြေပြင်မှ မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် စစ်ကြောင်းအထိနာကာ စစ်သား ၄၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် ပြန်လည် ဆုတ်ခွာခြင်းမရှိသေးသောကြောင့် တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“တော်လှန်ရေးဘက်က ဒရုန်းနဲ့ တိုက်ခိုက်တာ စစ်ကြောင်းတစ်ခုလုံးမှာ ၁ ယောက်ဘဲကျန်တဲ့ အထိပဲ ၄၀ ကျော်သေပါတယ်။ ဒဏ်ရာရတာလည်း အများကြီးပဲ တိုက်ပွဲက ဒီနေ့ထိဖြစ်နေတုန်းပဲ စစ်ခွေးအင်အားကလည်း တော်တော်များတယ်။ ၅၀၀ ကျော်လောက်ရှိမယ် အခုက ထပ်တိုးအင်အားဖြည့်တာတွေလည်းရှိနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် အမြန်လမ်း အနောက်ဘက်၁၄၄ မိုင်ရှိ ကျေးရွာများဖြစ်သော ရွှေလောင်း၊ ဘိုကုန်း၊ ဇီးကုန်း၊ ကမ်းဘနီ ၊ အင်းဝိုင်းနှင့် ကရင်ရွာကြီးတို့မှ ပြည်သူ ၁၅၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် စက်တင်ဘာလ ၁၅ ရက်နေ့ ည ၉ နာရီခန့်က ရွှေလောင်းကျေးရွာနှင့် ဘိုကုန်းကျေးရွာများအတွင်းသို့ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းများပြားကြောင်းသိရှိရသည်။



Leave a Reply