အဘိုးအဖွားတွေမရှိချိန် သူငယ်ချင်းတွေနဲ့ ငါးမျှားလိုက်ရာက အသက် ၆ နှစ်အရွယ် ကလေးငယ် ရေနစ်သေဆုံး
မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ (၁၃)ဂိတ် ဂရမ်းမြဝတီ သောင်ရင်းမြစ်ထဲမှာ အဘိုးအဖွားတွေနဲ့ အတူနေတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦး ရေနစ်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက အမှတ်(၅) ရပ်ကွက်၊ (၁၃)ဂိတ် ဂရမ်းမြဝတီ သောင်ရင်းမြစ်ထဲမှာ အသက် ၆ နှစ်အရွယ် မောင်ထက်ဝေကျော်ဟာ သူငယ်ချင်းဖြစ်သူတွေနဲ့ ငါးမျှားသွားရင်း ခြေချော်ကာ ရေနစ်သေဆုံးခဲ့တာလို့ သိရပါတယ်။
“ကလေးတွေ ဝဲဂရက်ထဲ ငါးမျှားသွားကြတာ။ ခုရေနစ်တဲ့ကလေးက သူ့မွေးပြီးကတည်းက မိဘတွေက ထိုင်းသွာမယ်ဆိုပြီး အဲ့ကတည်းက စွန့်ပစ်သွားတာ။ အဘိုးအဖွားတွေက မွေးထားတာ၊ သူတို့ကလည်း အသက်ကြီးပြီ၊ သူများအိမ်မှာ ငှားနေကြရတာ။ ခုလည်း အလုပ်သွားလုပ်နေချိန်မှာ ဖြစ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူကလေးငယ်ရဲ့ အဖိုးအဘွားတွေဟာ ရေပူကျေးရွာဘက် နေ့စားအလုပ် သွားလုပ်နေချိန် ကလေးငယ်ကို အိမ်မှာတယောက်တည်း ထားခဲ့ရာက အခုလို ကလေးငယ်ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး ကလေးတွေ ငါးသွားမျှားကြတာကို မိသားစုဝင်တွေက မသိကြဘူးလို့ ဆိုပါတယ်။
“ကလေးတွေ ၄ ယောက်သွားတာ၊ ထက်ဝေကျော် ရေနစ်တော့ ဝိုင်းကယ်ကြတယ်။ ဝဲဂရက်ဖြစ်နေတော့ နစ်လိုက်မြုပ်လိုက်နဲ့ နောက်ဆုံးမပေါ်တော့တာ။ ညနေမှာ အလောင်းပြန်ရတယ်” လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

သေဆုံးကလေးငယ်ကို ကျေးရွာဓလေ့ထုံးတမ်းစဥ်လာအရ စက်တင်ဘာလ ၂၀ ရက်နေ့မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။



Leave a Reply