ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အဖြစ် အကြမ်းဖက်ခင်ရီ ပြန်လည် အရွေးချယ်ခံရပြီး မူလလူဟောင်းများကသာ အဓိကနေရာများ ရယူကာ မင်းအောင်လှိုင်လူယုံ အောင်လင်းဒွေးမှာ ပါတီထိပ်တန်းနေရာများတွင် ပါမလာ
စစ်တပ်လက်အောက်ခံကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အဖြစ် အကြမ်းဖက် ခင်ရီ ပြန်လည် အရွေးချယ်ခံရပြီး မူလလူဟောင်းများကသာ ပါတီ၏ အဓိကနေရာများ ရယူကာ မငးအောင်လှိုင်၏ လူယုံ အောင်လင်းဒွေးမှာ ပါတီအဓိကနေရာများတွင် ပါဝင်မလာကြောင်း ကြံ့ဖွတ်ပါတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ကြံ့ဖွတ်ပါတီညီလာခံ နောက်ဆုံးနေ့တွင် ပါတီဥက္ကဋ္ဌနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့များကို ပြန်လည် ရွေးချယ်ရာတွင် ခင်ရီက ဥက္ကဋ္ဌ အဖြစ် ထပ်မံ အရွေးချယ်ခံရကြောင်း၊ ဒုဥက္ကဋ္ဌများအဖြစ် မြတ်ဟိန်း နှင့် သောင်းအေး၊ အထွေထွေအတွင်းရေးမှူးအဖြစ် တင်အောင်ချစ်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် အောင်စိုးတို့ကို ရွေးချယ်လိုက်ကြောင်း သိရသည်။
ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ၄၆ ဦးကို ပြန်လည် ရွေးချယ်ခဲ့ပြီး အများစုမှာ လူဟောင်းများဖြစ်ကာ ဗိုလ်ချုပ်ဟောင်းများဖြစ်သော သက်ပုံ၊ စိုးတင့်နိုင်တို့မှာလည်း ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များဖြစ်လာကြသည်။
မူလက သတင်းထွက်ပေါ်ခဲ့သော မင်းအောင်လှိုင်၏ လူယုံ အောင်လင်းဒွေးမှာမူ ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် လုံး၀ ပါဝင်ခဲ့ခြင်းမရှိဘဲ မင်းအောင် လှိုင်စေလွှတ်ခဲ့သော ဗိုလ်ချုပ်ဟောင်းတချို့မှာလည်း အဓိကပါတီခေါင်းဆောင်နေရာများတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
ကြံ့ဖွတ်ပါတီ ဒုတိယဥက္ကဋ္ဌ လှထွန်းမှာမူ မိမိ၏ ရာထူးတာဝန်မှ အနားယူကြောင်း ယနေ့ ညီလာခံတွင် ကြေညာခဲ့သည်။
ထို့ပြင် ကြံ့ဖွတ်ပါတီ၏ ဗဟိုကော်မတီဝင်အဖြစ် ၃၃၆ဦးနှင့် အရံဗဟိုကော်မတီဝင်၆၈ဦးအား အသစ်ထပ်မံရွေးချယ်လိုက်ကြောင်း သိရှိရသည်။
USDP ပါတီညီလာခံတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို တက်ရောက်ခြင်းမရှိသည့်အတွက် ထင်မြင်ချက်မျိုးစုံထွက်ပေါ်နေ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပါတီညီလာခံကို ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် စတင်ကျင်းပပြီး အဆိုပါညီလာခံသို့ ကြံ့ခိုင်ရေးပါတီမှ ဝန်ကြီး၊ ဒုဝန်ကြီးဖြစ်သွားသူများ တက်ရောက်ခြင်းမရှိသည့်အတွက် ထင်မြင်ချက်မျိုးစုံပေါ်ထွက်နေကြောင်း သိရသည်။
ယနေ့ကျင်းပသည့် USDP ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီနှင့် ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အဆိုပါ ရွေးချယ်တင်မြှောက်ရေး ကော်မရှင်ကို ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ဦးဆောင်မည်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ဦးသန်းရွှေအစိုးရနှင့် ဦးသိန်းစိန်အစိုးရလက်ထက် ဝန်ကြီးများ၊ စစ်ဗိုလ်ချုပ်ဟောင်းများ ပါဝင်လာကြသည်ကို တွေ့ရသည်။
၎င်းတို့အနက် ဘဏ္ဍာရေးဝန်ကြီးနှင့် သမ္မတရုံးဝန်ကြီးဟောင်း ဦးလှထွန်း၊ သမ္မတရုံးဝန် ကြီးဟောင်းများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်(စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း ၏အဖေ)၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းတို့ ပါဝင်နေကြပြီး ၎င်းတို့သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် စီနီယာကျသူများ ဖြစ်ကြသည်။
စက်တင်ဘာ ၂၀ ရက်နေ့တွင် လက်ရှိ ပါတီခေါင်း ဆောင်ပိုင်းများက တာဝန်များ ပြန်လည်အပ်နှံရမည်ဖြစ်ပြီး ရွေးချယ်တင်မြှောက်ရေး ကော်မရှင်က ဗဟိုအလုပ်အမှုဆောင် လူစာရင်းအသစ်ကို စိစစ်ကာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ကို ရွေးချယ်တင်မြှောက်သွားမည် ဖြစ်သည်။
ညီလာခံသို့ အစိုးရအဖွဲ့အတွင်း ရောက်ရှိနေသည့် ပါတီဗဟိုကော်မတီဝင် ဝန်ကြီးများကို ပါတီဘက်က ဖိတ်ကြားထားပြီး ထိုင်ခုံနေရာများပင် ပြင်ဆင်ထားသော်လည်း မတက်ရောက်သင့်ဟု သမ္မတရုံးက ယမန် နေ့ကတည်းက ဆုံးဖြတ်ကာ တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပါတီကော်မတီဝင် အစိုးရအဖွဲ့ဝင်တွေ ပါတီညီလာခံမတက်တာနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိကြ ပြောကြတာတော့ ရှိပါတယ်။ ဝန်ကြီးတာဝန်တွေယူထားလို့ ပါတီညီလာခံကိုမသွာဂရတာမျိုးလည်းရှိပါတယ်။ မင်းအောင်လှိုင်ဘာလုပ်မလဲ သူ့ထက်စီနီယာကျတဲ့လူတွေက ဘာတွေလုပ်ကြမလဲဆိုတာကို စောင့်ကြည့်ရပါမယ်” ဟု ကြံ့ခိုင်ရေးပါတီညီလာခံကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
ရွေးတုအစိုးရတွင်ပါဝင်နေသည့် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးဇော်သိမ်း၊ ဒေါက်တာမောင်သင်း၊ ဦးခင်မောင်စိုး၊ ဦးရဲမြင့်ထွန်းနှင့် ဦးမောင်မြင့်တို့ သည် ပါတီတာဝန်ယူထားသူများဖြစ်ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ နှင့် ၂၃၂ (ဋ) အရ သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများသည် ရာထူးသက်တမ်းအတွင်း ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ပြဋ္ဌာန်းထားပြီးဖြစ်သော် လည်း ညီလာခံကျင်းပခါနီးမှ သမ္မတရုံးက ညွှန်ကြား ချက်ထုတ်ပြန် တားမြစ်ခဲ့ခြင်းကြောင့် တခြားသောအကြောင်းရင်းများ ရှိနိုင်ကြောင်း ထောက်ပြမှုများလည်း ထွက်ပေါ်နေသည်။
အာဏာသိမ်းခေါင်းဆောင်ကိုသြဇာခံသူတွေထိပ်ပိုင်းမရောက်လာတဲ့ကြံခိုင်ရေးပါတီညီလာခံ
အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။
ပါတီဥက္ကဋ္ဌအဖြစ်ဦးခင်ရီ၊ဒုတိယဥက္ကဋ္ဌ တွေဖြစ် ဦးမြတ်ဟိန်းနဲ့ ဦးသောင်းအေး၊အထွေထွေအတွင်းရေးမှုး ဦးတင်အောင်ချစ်နဲ့ တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးအောင်စိုးတို့ ဖြစ်လာတာပါ။
ပါတီထိပ်ပိုင်းခေါင်းဆောင်ရာထူးတွေထဲမှာအာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့လက်ရုံးတစ်ဦးဖြစ်သူ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်၊ စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်ခဲ့သူ ဦးအောင်လင်းဒွေးမပါဝင်တာတွေ့ရပါတယ်။
သူဟာဗိုလ်ချုပ်ကြီးရာထူးနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အတွင်းရေးမှုးတာဝန်ယူခဲ့သူဖြစ်ပြီးအာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့အမိန့်တွေကို ဒိုင်ခံလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သူပါ။
အဲဒီနောက်ဗိုလ်ချုပ်ကြီးရာထူးကနေအနားပေးပြီးကြံခိုင်ရေးပါတီဆီစေလွှတ်ခဲ့ရကာအာဏာသိမ်းစစ်တပ်က ဖန်တီးထားတဲ့ လွှတ်တော်မှာ အမျိုးသားလွှတ်တော်ရဲ့ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။
အခုကျင်းပတဲ့ ကြံခိုင်ရေးပါတီညီလာခံမှာ ပါတီထိပ်ပိုင်းနေရာရလာမယ့်သူလို့ခန့်မှန်းခံခဲ့ရသူပါ။
ပါတီဥက္ကဋ္ဌမှာဆက်ရှိနေသူဦးခင်ရီဟာ NLD ပါတီ အနိုင်ရခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုပြီး အကြီးအကျယ်စွပ်စွဲခဲ့သူပါ။
ဒါအပြင် အဲဒီမသမာမှုတွေအတွက် ဘယ်သူကို အားကိုးရမလဲ မသိဘူးဖြစ်နေတယ်ဆိုပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်ကာစစ်တပ်ကိုတိုင်တည်ပြောဆိုခဲ့သူတစ်ဦးပါ။
ဒါအပြင် ဒုတိယဥက္ကဋ္ဌဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးဟာဆိုရင်လည်း ၂၀၂၀ အထွေထွေ ရွေးကောက် ပွဲမှာ ကြံခိုင်ရေးပါတီရှုံးရတာ မဲမမာမှုကြောင့်လို့စွပ်စွဲပြီး ” အဓမ္မအားကြီးလာရင် ပိုကြီးတာနဲ့နှိမ်နင်းရမယ်” ဆိုတာ သူရဲ့ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာရေးသားခဲ့သူဖြစ်ပါတယ်။
ပါတီဗဟိုကော်မတီဝင်ကနေ တွဲဖက်အထွေထွေအတွင်းရေးမှုးဖြစ်လာသူ ဦးအောင်စိုးကတော့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပြီးယခင်က ပြည်ထဲရေးဒုဝန်ကြီး ဖြစ်ခဲ့သူပါ။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့လူရင်းတစ်ဦးဖြစ်သူ ကြံခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ (၃) ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိန်းကတော့ ပါတီထိပ်ပိုင်းခေါင်းဆောင်နေရာမှာပြန်မပါလာတာတွေ့ရပါတယ်။သူဟာလက်ရှိ အာဏာသိမ်းခေါင်းဆောင်လက်အောက်မှာ သမဝါယမ ဝန်ကြီးလုပ်နေသူပါ။
စစ်တပ်ကစိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ်အခြေခံဉပဒေမှာ သမ္မတ နဲ့အစိုးရအဖွဲဲ့ဝင်ဝန်ကြီးတွေဟာ တာဝန်ထမ်းဆောင်နေတဲ့သက်တမ်းအတွင်းပါတီ အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့် တားမြစ်ထားတာပါ။
ဒါကြောင့် အာဏာသိမ်းခေါင်းဆောင်လက်အောက်မှာ ဝန်ကြီးနေရာယူထားသူတွေဟာ ပါတီမှာ နေရာပြန်မရတာလို့ ထောက်ပြမှုတွေလည်းရှိနေပါတယ်။
ယခင်စစ်အစိုးရလက်ထက်မှာ လူမှုရေးအသင်းအဖြစ် ဟန်ပြဖွဲ့စည်းခဲ့တဲ့ ကြံခိုင်ရေးဟာ စစ်တပ်က ကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့တာပါ။
တကျော့ပြန်စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်က ပြုလုပ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာလည်း အာဏာသိမ်းခေါင်းဆောင်ဟာ ဗိုလ်ချုပ်ကြီးတွေကို ကြံခိုင်ရေးပါတီဆီစေလွှတ်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်စေခဲ့ပါတယ်။
ပါတီမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကြီးစိုးမင်းမူခဲ့ပေမယ့်အချင်းချင်းကြား အာဏာ ၊နေရာလုပွဲတွေ ဖြစ်ခဲ့ပြီး အခုလ စက်တင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာကျင်းပတဲ့ ပါတီညီလာခံမတိုင်ခင်မှာလည်း အာဏာသိမ်းခေါင်းဆောင် နဲ့ ဦးခင်ရီဦးဆောင်တဲ့ ပါတီခေါင်းဆောင်ပိုင်းတွေကြား အာဏာလွန်ဆွဲမှုတွေဖြစ်ခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ခဲ့ပါတယ်။



Leave a Reply